0

နိုင်ငံ၏ စီးပွားရေး ‘ပုံမှန် ပြန်လည်တိုးတက်နေမှု’ ကိုတွေ့နေရဟု တရုတ်ပြည်ရှိ အလီဘာဘာက ထုတ်ပြန်ခဲ့

Share

တရုတ်ပြည်၏ အွန်လိုင်းဈေးဝယ်ရောင်း e-commerce website ကြီးဖြစ်သော အလီဘာဘာက နိုင်ငံအနေဖြင့် မည်သည့် အချိန်တွင် စီးပွားရေး နဂိုအခြေအနေအတိုင်း ပြန်လည်ရောက်ရှိမည်ကို သေချာမပြောနိုင်သေးသော်လည်း ပြီးခဲ့သည့် မတ်လမှ စတင်၍ ဖြေးဖြေးမှန်မှန် ပြန်လည်ကောင်းမွန်လာသော အခြေအနေများကို မြင်တွေ့နေရသည်ဟု ဆိုသည်။

ကုမ္ပဏီ၏ မတ်လကုန်ထိ ၃လအကြာစာရင်းများအရ အရောင်း ပမဏ ၂၂% တိုးတက်လာသည်ဟု ဆိုသည်။

ကိုဗစ် စဖြစ်ကာစမှ စ၍ အသီးအရွက်များ၊ လျှပ်စစ်ပစ္စည်းများနှင့် နည်းပညာနှင့် ဆိုင်သော Cloud Computing ဆိုင်ရာ ဝန်ဆောင်မှုများနှင့် ပစ္စည်းများ ပိုမိုရောင်းချလာရခြင်းမှ အရောင်းကဏ္ဍတိုးတက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

အလီဘာဘာ (Alibaba) သည် တရုတ်ပြည်၏ စီးပွားရေးတွင် အရေးပါသော လုပ်ငန်းကြီးတစ်ခုဖြစ်ပြီး ကိုဗစ်ကာလအပြီး စီးပွားရေး အခြေအနေများကို သုံးသပ်နိုင်ရန် ၎င်းကို အားလုံးက စောင့်ကြည့်သုံးသပ်နေကြသည်။

တရုတ်ပြည်အစိုးရသည် နိုင်ငံ၏ စီးပွားရေး အခြေအနေမည်မျှထိ ပြန်လည်တိုးတက်ရမည်ဟု သတ်မှတ်ထားခြင်းမျိုးမရှိသေးကြောင်း ယခုအပတ်ထဲတွင် ပြောကြားခဲ့သည်။

အဆိုပါသတ်မှတ်ချက်မရှိသေးဟု ထုတ်ပြန်ခြင်းသည် ၁၉၉၀ နောက်ပိုင်း ပထမဆုံး အကြိမ်ဖြစ်သည်ဟု သိရသည်။
အလီဘာဘာ၏ ရင်းနှီးမြှုပ်နှံသူများသည် လာမည့် ၁၂ လ အတွင်း ဝင်ငွေ ၂၇% ထိ တိုးတက်ရရှိရန် မျှော်လင့်နေသည်ဟု သောကြာနေ့က ထုတ်ပြန်ခဲ့သည်။

ယခု ခန့်မှန်းချက်သည် ကိုဗစ်ကာလ ထိခိုက်မှုများကြောင့် လျော့နည်းစွာခန့်မှန်းထားခြင်းဖြစ်ပြီး၊ ပြီးခဲ့သည့် နှစ်က ဝင်ငွေ တိုးတက်နှုန်းမှာ ၃၅% ရှိခဲ့သည်ဟု ဆိုသည်။

အလီဘာဘာ၏ ဘဏ္ဍာရေး အကြီးအကဲ CFO ဖြစ်သူ မက်ဂီဝူက ကိုရိုနာကြောင့် တကမ္ဘာလုံး ဆိုးကျိုးများသက်ရောက်ခဲ့ပြီး၊ ပြည်တွင်းတွင်လည်း ဇန်နဝါရီလကုန်ခန့်တွင် စတင်ထိခိုက်ခဲ့ကြောင်း၊ သို့သော် မတ်လမှစ၍ အခြေအနေများ ပြန်ကောင်းလာကြောင်း ပြောကြားခဲ့သည်။

အလီဘာဘာသည် ပြီးခဲ့သည့် မတ်လကုန်အထိ ၃ လလုံးလုံး အမြတ်ငွေများ လုံးဝရရှိခဲ့ခြင်းမရှိဟုဆိုသည်။

ပြီးခဲ့သည်နှစ် ကာလတူအချိန်တွင် လုပ်ငန်းအရပ်ရပ်ရောင်းရငွေ ကန်ဒေါ်လာ ၁၆ ဘီလျံ (ယွမ် ၁၁၄.၃ ဘီလျံ) ခန့်ရှိ၍ အဓိက ဈေးဝယ်ရောင်းဝက်ဘ်ဆိုဒ်မှ ဝင်ငွေ၏ ၁၉% ခန့်ရှိသည်ဟု ဆိုသည်။

အလီဘာဘာ ပိုင် အခြား နိုင်ငံရပ်ခြားမှ လုပ်ငန်းများတွင်မူ သိသာသော ဆုတ်ယုတ်မှုများ ရှိခဲ့သည်။

မကြာသေးမီနှစ်များအတွင်းက ဝယ်ယူခဲ့သော အရှေ့တောင်အာရှ အလီဘာဘာဟု ခေါ်ဝေါ်နေကြသည့် လာဇာဒါ (Lazada) တွင် ဝင်ငွေ ထိခိုက်မှု ၇% ခန့်ရှိခဲ့သည်။

တရုတ်ပြည် ပြင်ပမှ စီးပွားရေး ပြန်လည်တိုးတက်မှုအခြေအနေများမှာ မရေရာမှုများရှိနေဆဲဖြစ်၍ နိုင်ငံတကာရှိ အလီဘာဘာပိုင်လုပ်ငန်းများအတွက်မူ အားပျော့နေဆဲဖြစ်သည်ဟု အလီဘာဘာက ကြေငြာခဲ့သည်။

(စင်ကာပူ အခြေစိုက် ဈေးဝယ်ရောင်း ဝက်ဘ်ဆိုဒ် လာဇာဒါ (Lazada Group) ကို အလီဘာဘာ က ၂၀၁၆ ခုနှစ်တွင် အလုံးစုံ ချုပ်ကိုင်ရန် ရှယ်ယာ ၅၁% ထိ ဝယ်ယူခဲ့ပြီး၊ ၂၀၁၈ တွင် ထပ်မံ၍ ကန်ဒေါ်လာ ၂ ဘီလျံဖိုး ရင်းနှီးကာ ရှယ်ယာ ၈၃% ထိ ပိုင်ဆိုင်မှု တိုးမြှင့်ခဲ့သည်။)

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics

Source: BBC Business, Business Wire, Image: Are you OK

%d bloggers like this: