သုံးလအတွင်း ဝန်ထမ်းဦးရေ တစ်သောင်းခန့် လျှော့ချခဲ့သည့် Alibaba

တရုတ် အွန်လိုင်းရှော့ ကုမ္ပဏီ Alibaba သည် ဧပြီ၊ မေ၊ ဇွန် သုံးလအတွင်း ဝန်ထမ်းဦးရေ ၉၂၄၁ ဦး လျှော့ချခဲ့ကြောင်း ကုမ္ပဏီ၏ နောက်ဆုံး ထုတ်ပြန်ချက်များအရ သိရသည်။

Alibaba သည် နှစ်စပိုင်း သုံးလတွင်လည်း ငွေကြေးဖောင်းပွမှုများကြောင့် စရိတ်စကများ ကြီးမြင့်ခြင်း၊ နိုင်ငံရေးဆိုင်ရာ အကြပ်အတည်းများ ကြုံတွေ့ရခြင်းတို့ကြောင့် ဝန်ထမ်းဦးရေ လေးထောင်ခန့် လျှော့ခဲ့ဖူးပြီး လက်ရှိအချိန်တွင် ကုမ္ပဏီ၌ ဝန်ထမ်းဦးရေ ၂သိန်း ၄သောင်း ၅ထောင်ခန့် ရှိနေသေးကြောင်း သိရသည်။

ယခုအချိန်တွင် အမေရိကန် နည်းပညာကုမ္ပဏီကြီးများဖြစ်သော Apple, Alphabet နှင့် Meta တို့သည် လူသစ်ခေါ်ယူမှုများကို ရပ်နားထားပြီး Alibaba ၏ အဓိက ပြိုင်ဘက်ဖြစ်သည့် Amazon မှာလည်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁သိန်းခန့်ကို ရပ်နားပစ်ကာ အခြား နည်းပညာကုမ္ပဏီဖြစ်သည့် Snapchat မှာလည်း ဝန်ထမ်းများ လျှော့ချရန် စဉ်းစားနေကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

ယမန်နှစ်များက Alibaba၏ ဘဏ္ဍာရေး ပါတနာကုမ္ပဏီဖြစ်သော Ant Group ကို တရုတ်အာဏာပိုင်များက Alibaba ထံမှ ခွဲထွက်၍ တရုတ် ဗဟိုဘဏ်၏အောက်တွင် လည်ပတ်ရန် အတင်းအကြပ် စေခိုင်းနေခဲ့သဖြင့် အဆိုပါ ပြဿနာကို ဖြေရှင်းနေသည့် အချိန်တွင် နောက်ထပ် အကြပ်အတည်းတစ်ခု Alibaba အတွက် ထွက်ပေါ်လာခဲ့ပြန်သည်။

အကြောင်းမှာ Alibaba သည် အမေရိကန် စတော့အိတ်ချိန်းတွင် ဈေးကွက်တင်ထားသည် ဖြစ်ရာ အမေရိကန် စာရင်းစစ်များက စာရင်းစစ်ရန် တောင်းဆိုသော်လည်း တရုတ်အစိုးရက နိုင်ငံတော် လုံခြုံရေး အကြောင်းပြချက်ဖြင့် ငြင်းဆန်နေသည့်အတွက် အသစ်ပြဋ္ဌာန်းခဲ့သည့် စတော့အိတ်ချိန်း ဥပဒေအရ သုံးနှစ်ဆက်တိုက် စာရင်းစစ်မခံသည့် ကုမ္ပဏီများသည် အမေရိကန် စတော့အိတ်ချိန်းမှ ဖယ်ရှားခံရမည့် အရေးဖြစ်သည်။

ယင်းကဲ့သို့ အကြပ်အတည်းများကြောင့် Alibaba၏ ရှယ်ယာတန်ဖိုးများသည် ဆက်တိုက် ကျဆင်းနေခဲ့ပြီး ၂၀၂၀ခုနှစ်တွင် အမြင့်ဆုံးဖြစ်ခဲ့သည့် ရှယ်ယာတစ်ခု တန်ဖိုး ၃၀၀ မှသည် လက်ရှိအချိန်တွင် ရှယ်ယာတစ်ခု ၉၂ဒေါ်လာသာ ရှိတော့ကြောင်း သိရသည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: The Strait Times
Photo: Post & Parcel

Share