Orio Economics

Pique your curiosity

ကိုဗစ်ကြောင့် တရုတ်စီးပွားရေး ထိခိုက်သော်လည်း Alibaba မှာ ရောင်းအားတက်ခဲ့

ကိုဗစ်ကြောင့် တရုတ်၏ စီးပွားရေး မြို့တော်ကြီးအချို့ lock-down ချခံခဲ့ရပြီး နိုင်ငံ၏ စီးပွားရေးကို အနည်းနှင့်အများ ထိခိုက်ခဲ့သော်လည်း အိမ်တွင်းအောင်းနေရသည့် တရုတ်ပြည်သူများမှာ အွန်လိုင်းရှော့မှ ပုံမှန်အတိုင်း ဆက်လက်ဝယ်ယူနေကြသဖြင့် ရောင်းအားမှာ မျှော်လင့်သည်ထက် တိုးတက်ခဲ့ကြောင်း Alibaba က ထုတ်ပြန်ခဲ့သည်။

Alibaba ၏ ဝင်ငွေသည် ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၉ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး စီးပွားရေးပညာရှင်များ ခန့်မှန်းသည်ထက် များပြားခဲ့ကာ အဆိုပါ ထုတ်ပြန်ချက် ထွက်လာပြီးနောက် Alibaba ၏ ရှယ်ယာများသည်လည်း ၁၅ ရာခိုင်နှုန်း ထိုးတက်သွားကြောင်း သိရသည်။

Alibaba က ယခုရလဒ်သည် ဝက်ဘ်ဆိုက်နှင့် မိုဘိုင်းဖုန်းများရှိ Alibaba အွန်လိုင်းရှော့များတွင် ခန့်မှန်းသည်ထက် အားကောင်းခဲ့သော ဝယ်လိုအားနှင့်အတူ Alibaba Cloud တွင်လည်း ဝယ်လိုအား ၁၂ရာခိုင်နှုန်း တက်ခဲ့ခြင်းကြောင့်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သည့်အပြင် Alibabaသည် ၎င်းတို့အနေဖြင့် တရုတ်ပြည်မကြီးတွင် အသုံးပြုသူပေါင်း ၁ ဘီလီယံ ပြည့်မြောက်သွားခဲ့ပြီဖြစ်ကြောင်း ကြေငြာသွားခဲ့ပြီး ၎င်းသည် ကုမ္ပဏီအတွက် မှတ်တိုင်သစ်ဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းတွင်မူ Alibaba သည် အသုံးပြုသူပေါင်း ၁.၃ ဘီလီယံရှိကြောင်း သိရသည်။

ကိုဗစ်ကြောင့် Supply Chain ဆိုင်ရာ အခက်အခဲများ ဖြစ်ခဲ့ရသော်လည်း မိမိတို့အနေဖြင့် ကောင်းမွန်စွာ ကျော်ဖြတ်နိုင်ခဲ့ကြောင်း Alibaba ၏ ဥက္ကဋ္ဌလည်းဖြစ်၊ CEO လည်းဖြစ်သူ ဒယ်နီယယ်ကျန်းက မီဒီယာများသို့ ဖြေကြားခဲ့သည်။

ကုမ္ပဏီ၏ CFO ဖြစ်သူ တိုဘီဆုက ယခုမေလတွင် Supply Chian အခက်အခဲများ ထိုက်သင့်သလောက် ပြေလျှော့သွားခဲ့သော်လည်း ဝယ်သူများလက်သို့ ပစ္စည်းများရောက်ရှိရန် ကြန့်ကြာမှုများ ရှိနေသေးကြောင်းနှင့် မကြာမီ အကြပ်အတည်းများ အဆုံးသတ်သွားတော့မည်ဟု ယုံကြည်ကြောင်း သတင်းမီဒီယာများသို့ ပြောပြခဲ့သည်။

ယခု ပထမသုံးလပတ် စာရင်းချုပ်ရာတွင် မိမိတို့၏ ရောင်းအားတက်ခဲ့သည်မှန်သော်လည်း တရုတ်ပြည်သူများ၏ ပစ္စည်းဝယ်ယူပုံမှာ ကိုဗစ်ကြောင့် ပြောင်းလဲသွားခဲ့ကြောင်း အချက်အလက်များက ညွှန်ပြနေသည်ဟု ဒယ်နီယယ်ကျန်းက ဆိုသည်။

ပုံမှန်အားဖြင့် အွန်လိုင်းရှော့များတွင် ထိပ်ဆုံးက ရောင်းအားတက်သည်မှာ ဖက်ရှင်နှင့် အီလက်ထရောနစ် ပစ္စည်းများဖြစ်တတ်သော်လည်း ယခု တရုတ်ပြည်၏ ကိုဗစ်ကာလတွင် အဆိုပါ အမျိုးအစားနှစ်ခုမှာ ရောင်းအားကျဆင်းနေသည်ကို တွေ့ခဲ့ရသည်။

တရုတ်ပြည်သူများသည် ဖက်ရှင်နှင့် အီလက်ထရောနစ်ပစ္စည်းများနေရာတွင် အစားသောက်နှင့် ဆေးဝါးပစ္စည်းကို ပိုမိုဝယ်ယူစုဆောင်းခဲ့ကြကြောင်း တွေ့ခဲ့ရပြီး တကိုယ်ရေကျန်းမာရေးသုံး ပစ္စည်းများနှင့် အားကစားပစ္စည်းများလည်း ရောင်းအားတက်ခဲ့သည်ကို တွေ့ရသည်ဟု မစ္စတာကျန်းက ပြောကြားခဲ့သည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: CNN Business
Photo: Investing.com

Leave a Reply

Your email address will not be published.