0

Adani လုပ်ငန်းစု၏ ဆုံးရှုံးမှု ဒေါ်လာ ၁၁၀ ဘီလီယံကျော်သွားခဲ့ပြီး နိုင်ငံအနှံ ဆန္ဒပြမှုများ ဖြစ်ပွား

Share

Adani လုပ်ငန်းစု၏ မသမာမှုများကို စုံစမ်းဖော်ထုတ်ပေးရန် အတွက် ဆန္ဒပြမှုများကို အတိုက်အခံကွန်ဂရက်ပါတီက ဦးဆောင်၍ ယမန်နေ့ တနင်္လာနေ့တွင် အိန္ဒိယနိုင်ငံတဝှမ်း ပြုလုပ်ခဲ့ကြပြီး လုံထိန်းများနှင့် ထိပ်တိုက်တွေ့မှုများလည်း ရှိကာ ထိန်းသိမ်းခံရသူများလည်း ရှိကြောင်း သိရသည်။

အမေရိကန်အခြေစိုက် ရင်းနှီးမြှပ်နှံမှုကုမ္ပဏီတစ်ခုဖြစ်သော Hindenburg Research က Adani လုပ်ငန်းစုသည် ငွေကြေးမသာမှုများနှင့် စတော့ဈေးကွက် ကုလားဖန်ထိုးမှုများ လုပ်ဆောင်ခဲ့ကြောင်း စစ်တမ်းထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ နောက်ဆက်တွဲ ရိုက်ခတ်မှုများ ဖြစ်ပွားနေခြင်းဖြစ်ပြီး Adani လုပ်ငန်းစု၏ ရှယ်ယာဈေးကျဆင်းမှုများ ဒေါ်လာ ၁၁၀ ဘီလီယံအထိ ရှိလာပြီဖြစ်သည်။

Adani လုပ်ငန်းစုအနေဖြင့် အဆိုပါ စွပ်စွဲချက်မှာ အခြေအမြစ်မရှိကြောင်း ပြီးခဲ့သည့် အပတ်ကတည်းက ရှင်းလင်းချက် ထုတ်ပြန်ခဲ့သော်လည်း ရှယ်ယာကျဆင်းမှုမှာ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး မစ္စတာ Adani မှာလည်း အာရှ၏ အချမ်းသာဆုံး ပုဂ္ဂိုလ်နေရာမှ ဆင်းပေးလိုက်ရပြီဖြစ်ကာ အဆင့်များ ဆက်တိုက်ကျဆင်းလျက်ရှိသည်။

မနေ့ကဖြစ်ပွားခဲ့သေ Adani လုပ်ငန်းစုအား ဆန္ဒပြမှုသည် နယူးဒေလီအပါအဝင် အိန္ဒိယ၏ မြို့ကြီးတော်တော်များများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အတိုက်အခံ ကွန်ဂရက်ပါတီဝင်များနှင့် ၎င်းတို့ကို ထောက်ခံသူများက Adani နှင့် လက်ရှိ ဝန်ကြီးချုပ်ဖြစ်သူ မိုဒီတို့၏ ပုံများကို မီးရှို့၍ လည်းကောင်း၊ ပိုက်ဆံအတုများ ဖြန့်ကြဲ၍လည်းကောင်း ဆန္ဒပြခဲ့သည်ဟု သိရသည်။

ဆန္ဒပြသူများသည် အိန္ဒိယရှိ အစိုးရရုံးအတော်များများရှေ့တွင် ဆန္ဒပြခဲ့ကြသော်လည်း အဓိကအားဖြင့် Adani လုပ်ငန်းစုနှင့် အဆက်အဆံရှိ၍ ရင်းနှီးမြှပ်နှံမှုများလည်း ပြုလုပ်ထားသော အသက်အာမခံလုပ်ငန်း (LIC) နှင့် အိန္ဒိယဘဏ် (SBI) တို့ရှေ့တွင် ပိုမိုများပြားကာ အချို့မှာ လုံထိန်းများ၏ အကာအရံများကို ချိုးဖောက်ကျော်တက်ခဲ့သောကြောင့် ထိန်းသိမ်းမှုလည်း ရှိခဲ့သည်။

အိန္ဒိယ ဗဟိုဘဏ်အနေဖြင့် နိုင်ငံ၏ ဘဏ်စနစ်အားလုံးတို့သည် ပုံမှန်အတိုင်း လည်ပတ်လျက်ရှိကြောင့်နှင့် ယခုပြဿနာကြောင့် ရိုက်ခတ်မှု မရှိကြောင်း ထုတ်ပြန်ခဲ့ကာ ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း အစိုးရိမ်မလွန်ရန် ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့သော်လည်း ဈေးကွက်အတွင်း ထိတ်လန့်မှုက ဆက်လက်ဖြစ်ပွားလျက်ရှိကာ Adani လုပ်ငန်းစု၏ ရှယ်ယာများကို ထုတ်ရောင်းလျက်ပင်ရှိသေးသည်။

Adani လုပ်ငန်းစုအောက်တွင် အကြီးဆုံးဖြစ်သော Adani Enterprises မှာ တနင်္လာနေ့တွင် ရှယ်ယာတန်ဖိုး ၉.၆ ရာခိုင်နှုန်း ထပ်မံကျဆင်းခဲ့ပြီး သတင်းထွက်ပေါ်ချိန်မှ စတင်ရေတွက်ပါက ယင်းကုမ္ပဏီသည် ဒေါ်လာ ၂၈ ဘီလီယံခန့် တန်ကြေးကျဆင်းသွားပြီဖြစ်သည်။

ကျန် လုပ်ငန်းခွဲများဖြစ်သော Adani Transmission မှာ ၁၀ ရာခိုင်နှုန်း တန်ဖိုးကျဆင်းပြီး Adani Green Energy, Adani Total Gas, Adani Power နှင့် Adani Wilmar တို့မှာ ၅ ရာခိုင်နှုန်းစီ အသီးသီးကျဆင်းခဲ့ကြသည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: Reuters, AFP, CNBC
Photo: Yahoo Finance

%d bloggers like this: