အာရပ်စော်ဘွားပြည်ထောင်စုတွင် ထက်ဝက်ခန့်သော စားသုံးသူများသာ လက်ရှိဈေးဝယ်ယူသည့် ပုံစံကို ဆက်လက်ထိန်းသိမ်းမည်ဟု စစ်တမ်းက ဖေါ်ပြ
အဘူဒါဘီနှင့် ဒူဘိုင်းရှိ ဈေးဝယ်စင်တာများ၊ Malls များကို ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း၊ လုပ်ငန်းများ မည်သို့လည်ပတ်ရမည်ကိုလည်းကောင်း၊ ဈေးဝယ်သူများအနေဖြင့် ဆောင်ရန်ရှောင်ရန် ကိစ္စများကို ထုတ်ပြန်ရန် စီစဉ်နေကြောင်း အဆိုပါ ဒေသနှစ်ခု (Emirates) တို့က ကြာသပတေးနေ့ညနေတွင် ကြေငြာခဲ့သည်။
ပြန်လည်ဖွင့်လှစ်မည့် အချိန်နှင့် ရက်အတိအကျကို မကြေငြာရသေးသော်လည်း ဈေးဝယ်သူများသာမက လုပ်ငန်းရှင်များကပါ ထိုနေ့ရောက်ရန် များစွာလိုလားလျက်ရှိကြောင်း သိရသည်။ ယခုအခါတွင် United Arab Emirates ၌ ကိုရိုနာ ကူးစက်ခံရသူ အရေအတွက် ၈၂၀၀ ကျော်လာခဲ့ပြီဖြစ်သည်။
အဘူဒါဘီ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဌာန နှင့် ဒူဘိုင်း အုပ်ချုပ်ရေးဌာနတို့က ဈေးဝယ်စင်တာများ၏ ဝန်ထမ်းအရေအတွက် နှင့် ဈေးဝယ်သူအရေအတွက်များကို ကန့်သတ်ရန် လုပ်ဆောင်နေကြပြီး ဈေးဝယ်စင်တာတစ်ခု၏ လည်ပတ်နိုင်မှု၊ ဝန်ဆောင်ပေးနိုင်သည့် ပမာဏ၏ ၃၀% ခန့်ကိုသာ ခွင့်ပြုသွားမည်ဖြစ်ပြီး၊ ဈေးဝယ်သူများကိုလည်း စင်တာထဲတွင် အချိန် ၃ နာရီထက် ပိုမရှိစေရ ဟူသော တင်းကျပ်မှုများ ပါဝင်မည်ဟု သိရသည်။
ဈေးဝယ်စင်တာများတွင် လက်နှင့် ထိတွေ့ အသုံးပြုရသော Touch Screens ကြီးများ အကုန်လုံးကို ပိတ်ထားမည်ဖြစ်ပြီး အဘူဒါဘီတွင် ကားပါကင်နေရာ ၅၀% ထိ လျှော့ချ ဖြတ်တောက်၍ ဒူဘိုင်းတွင် ကားရပ်ရန် နေရာ ၇၅% ထိ လျှော့ချမည်ဟု သိရသည်။
၂ နေရာစလုံးတွင် အသက် ၆၀ နှင့် အထက် အရွယ်များကို ဝင်ရောက်ခွင့် ပိတ်ပင်မည်ဖြစ်ပြီး ဒူဘိုင်းတွင် အသက် ၂ နှစ်မှ ၁၃ နှစ်အထိ အရွယ်ကလေးများကို ဝင်ရောက်ခွင့် ပြုမည်မဟုတ်ဟု သိရသည်။
အခြား သတင်းများအရ Kearney Middle East မှ ဈေးဝယ်သူ၊ စားသုံးသူများနှင့်ပက်သက်၍ စစ်တမ်းကောက်ယူရာ လူ အယောက် ၁၀၀၀ ကို အခြေခံသော စစ်တမ်းတွင် ၇၉% သော ဈေးဝယ်သူများသည် ကိုဗစ်-၁၉ ကာလအတွင်း ဈေးဝယ်သည့် အမူအကျင့်များ ပြောင်းလဲခဲ့ကြပြီး အများစုမှာ အွန်လိုင်းမှ မှာယူသော စနစ်ကို ကျင့်သုံးခဲ့ကြသည်။ အဆိုပါ နည်းလမ်းများကို ကိုဗစ်ကာလ ကျော်လျှင်လည်း ဆက်လက်အသုံးပြု ဈေးဝယ်မည်ဟူသော လူအရေအတွက်မှာ ၄၈% ဖြစ်ကြောင်း သိရသည်။
၆၀% သော သူတို့က ကိုဗစ်ကာလအတွင် မရှိမဖြစ် သုံးစွဲရမည့် စားစရာများ၊ အသီးအရွက်များ၊ အိမ်သုံးကျန်းမာရေး ပစ္စည်းများ၊ ဆေးဝါးများ စသည်တို့ကို ပိုမိုဝယ်ယူခဲ့ကြကြောင်း ဖြေဆိုခဲ့သည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။ Like & Share လုပ်ခြင်းဖြင့်သာ မျှဝေပါရန် မေတ္တာရပ်ခံပါသည်။
Orio Economics
source: CNBC News, NBC News, Image: Getty Images