သြစတေးလျ၏ အေဘီစီသတင်းဌာနမှ ယနေ့ထုတ်ပြန်ချက်အရ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း သြစတေးလျတွင် ဒေါ်လာ ၁ သန်းအထက် ဝင်ငွေရှိသူ ၁၄၉၀၇ ယောက်ရှိခဲ့သည်။
၎င်းတို့အားလုံးပေါင်း၏ ဝင်ငွေစုစုပေါင်းသည် ဒေါ်လာ ၃၇.၄ ဘီလျံခန့် ရှိနေရာ ပျမ်းမျှတွက်ပါက တစ်ဦးလျှင် ဒေါ်လာ ၂.၅ သန်းအထက် ဝင်ငွေရရှိခဲ့ခြင်းဖြစ်ပြီး ထိုဝင်ငွေထဲမှ အခွန်ရရှိမှုမှာ ဒေါ်လာ ၁၅.၉ ဘီလျံဖြစ်သည်။
သို့သော်လည်း အဆိုပါ သန်းဂဏန်းပမာဏနှင့် အထက် ဝင်ငွေရရှိခဲ့သူများထဲမှ ၇၃ ဦးသည် အခွန် လုံးဝမဆောင်ခဲ့ဟု သိရှိရသည်။
အခွန်မဆောင်ခဲ့သူများသည် Negative Gearing အကြောင်းပြချက်များဖြင့် အခွန်ရှောင်လွှဲခဲ့သူ ၁၉ ဦး နှင့် အခြားသူ ၅၄ ဦးမှာ ဝင်ငွေများထဲမှ ကုန်ကျစရိတ်များ၊ သက်သာခွင့်ပေးသည့် စရိတ်များ နှုတ်ပြီးသည့်နောက်တွင် အခွန်ကောက်ခံနိုင်သည့် ဝင်ငွေအောက်သို့ လျော့ကျသည့် ပမာဏထိရောက်ခဲ့သောကြောင့်ဟုဆိုသည်။
Negative Gearing မှာ မိမိလုပ်ငန်းအတွက် ချေးငွေရယူ၍ ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ရာမှ ဝင်ငွေနှင့် ထွက်ငွေ မမျှတသည့် အခြေအနေကို ခေါ်ဆိုခြင်းဖြစ်သည်။
အထူးသဖြင့် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုများတွင် တွေ့ရသည်။
ရင်းနှီးမြှုပ်နှံပြီးနောက် လုပ်ငန်းမှ ရရှိသော ဝင်ငွေသည် ချေးယူထားသော ပိုက်ဆံအတွက် အတိုးနှုန်း၊ လုပ်ငန်းလည်ပတ်ရာတွင် အသုံးစရိတ်တို့အားလုံးပေါင်းထက် လျော့နည်းသောအခါ Negative Gearing အခြေအနေသို့ ရောက်ရှိသည်။
ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ရေတို အခွန်ရှောင်လွှဲလိုသော အခါများတွင်လည်း လုပ်ငန်းအတွက် ချေးငွေ ရယူကာ Negative Gearing ဖြစ်အောင်လုပ်လေ့ရှိသည်။
Negative Gearing သည် ရင်းနှီးမြှုပ်နှံထားသော အိမ်ခြံမြေကို ရောင်းချပြီးမှသာလျှင် အမြတ်ထွက်ပေါ်လေ့ရှိသည်။
သြစတေးလျတွင် အိမ်ခြံမြေပိုင်ဆိုင်သူပေါင်း ၂.၂ သန်း ခန့်ရှိပြီး ၎င်းတို့ထဲမှ ၁.၃ သန်းသည် အိမ်ခြံမြေရင်းနှီးမြှုပ်နှံရာတွင် အရှုံးပြခဲ့သည်ဟု ဆိုသည်။
အိမ်ရှင်မြေရှင်ပေါင်း ၁.၈ သန်းခန့်သည် ၎င်းတို့ပိုင် အိမ်ခြံမြေများကို ပေါင်ထားပြီး အတိုးနှုန်း ပေးရခြင်းအတွက် အခွန်သက်သာခွင့် ရရှိခဲ့ကြကာ ထိုလုပ်နည်းလုပ်ဟန်မှာ အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူ၏ ၈၀% ခန့်ပင်ရှိသည်ဟု ဖေါ်ပြထားသည်။
သို့သော်လည်း အခွန်မဆောင်သူ ၇၃ ယောက် အုပ်စုသည် စေတနာကောင်းမွန်သူ၊ ရက်ရောသူများဖြစ်ကြောင်း အချက်အလက်များကို ပြသလျက်ရှိသည်။
အလှူအတန်းလုပ်ခြင်းနှင့် လက်ဆောင်များပေးခြင်းတို့ ပြုလုပ်လျှင်လည်း အခွန်သက်သာခွင့်ရရှိသည်ဖြစ်ရာ အခွန်သက်သာခွင့်ရသော လှူတန်းမှုများကို စုပေါင်းလျှင် ဒေါ်လာ ၁.၄ ဘီလျံဖိုးအထိရှိကြောင်း တွေ့ရှိရသည်။
Australia Institute’s Senior Research မှ ဒေးဗစ် ရစ်ချက်ဆင် (David Richardson) က အခွန်ရှောင်ခဲ့သူများမှာ အဆိုပါ မီလျံနာများသာ မဟုတ်ခဲ့ကြောင်း ပြောဆိုခဲ့သည်။
အချက်အလက်များအရ ဒေါ်လာ ၁ သိန်း နှင့် ၁ သန်း အကြားဝင်ငွေရှိသော လူ အယောက် ၂၀၀၀ ခန့်သည်လည်း ဝင်ငွေခွန်မဆောင်ရန် လုပ်ဆောင်မှု အောင်မြင်ခဲ့သည်ဟုဆိုသည်။
မစ္စတာ ရစ်ချက်ဆင်က သြစတေးလျအခွန်စနစ်တွင် ယိုပေါက်များ ရှိနေသည်ဟုဆိုသည်။
လုပ်အားခအနည်းဆုံးရရှိသူများက ဝင်ငွေ ဒေါ်လာ သန်းနှင့်ချီရှိသော သူများထက် အခွန်ပိုမိုပေးဆောင်နေကြသည်ဟု သူက ဆိုသည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: ABC Australia
Image: Australia Tax Office – Twitter