7-Eleven မီနီမတ်များကို ကမ္ဘာနှင့်အဝှမ်း ဖြန့်ကျက်ထားနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် ဂျပန်ဘီလျှံနာ သူဌေး မာဆာတိုရှိ အီတိုသည် မတ်လ ၁၀ ရက်နေ့တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်း 7-Eleven ၏ ပိုင်ရှင် Seven & I Holdings ကော်ပိုရေးရှင်းက ယမန်နေ့က ထုတ်ပြန်ခဲ့သည်။
ကွယ်လွန်ချိန်တွင် အသက် ၉၈နှစ်ရှိပြီဖြစ်သည့် အီတိုသည် Seven & I Holdings ၏ ဂုဏ်ထူူးဆောင်ဥက္ကဋ္ဌအဖြစ် သေဆုံးချိန်အထိ ရှိနေခဲ့ပြီး Seven & I Holdings ၏ လက်အောက်တွင် 7-Eleven ဆိုင်ခွဲပေါင်း ၈၃၀၀၀ ခန့်လည်ပတ်လျက်ရှိကာ အမေရိကန်တွင် Speedway အမည်ဖြင့်လည်း မီနီမတ်များ ရှိသေးသည်။
7-Eleven ၏ ဇစ်မြစ်ကို ပြန်လည်ကြည့်မည်ဆိုပါက ၁၉၂၇ တွင် တက္ကဆက်ပြည်နယ်၊ ဒါးလက်မြို့ရှိ အအေးခန်းကုမ္ပဏီများ ပေါင်းစည်း၍ Southland Ice Company အဖြစ် စတင်တည်ထောင်ခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်ပြီး အအေးခန်းစတိုများ၏ လည်ပတ်ချိန်ဖြစ်သော မနက်၇နာရီမှ ည ၁၁နာရီကို အစွဲပြု၍ ၁၉၄၆ တွင် 7-Eleven ဟု နာမည်ပြောင်းခဲ့ခြင်းဖြစ်သည်။
အီတိုမှာမူ ၁၉၅၈ ခုနှစ်တွင်မှ သူ၏ မိဘလက်ငုတ်လက်ရင်းဖြစ်သော တိုကျိူရှိ အဝတ်အထည်ဆိုင်ကို တိုးချဲ့ရင်း ထိုကုမ္ပဏီငယ်လေး၏ ဥက္ကဋ္ဌအဖြစ် စီးပွားရေးလောကသို့ စတင်ဝင်ရောက်လာခဲ့ပြီးနောက် အမေရိကန်ရှိ မီနီမတ်များကဲ့သို့ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများပါ စတင်ရောင်းချလာခဲ့သည်။
ထို့နောက် အီတိုသည် ကုမ္ပဏီကို Ito Yokado ဟူ၍ အမည်ပြောင်းလဲခဲ့ပြီး 7-Eleven ၏ ပိုင်ရှင်ဖြစ်သော the Southland Corporation နှင့် ပူးပေါင်းရန် သဘောတူညီမှု ရရှိခဲ့ကာ ပထမဆုံးသော 7-Eleven ဆိုင်ကို ၁၉၇၄ တွင် ဂျပန်၌ စတင်ဖွင့်လှစ်နိုင်ခဲ့သည်။
၁၉၉၁ ခုနှစ်တွင်တော့ Ito Yokado သည် 7-Eleven ၏ ထိန်းချုပ်ခွင့် ရှယ်ယာများကို the Southland Corporation ထံမု အပြီးသတ်ဝယ်ယူခဲ့ပြီး နောက်တစ်နှစ်အကြာတွင် ကုမ္ပဏီအကြီးပိုင်းမှ လူကြီးအချို့၏ ငွေကြေးအရှုပ်တော်ပုံများကို တာဝန်ယူသည့် အနေဖြင့် အီတိုသည် ဥက္ကဋ္ဌအဖြစ်မှ နှုတ်ထွက်ခဲ့သည်။
၂၀၀၅ တွင်တော့ Ito Yokado ကို Seven & I Holdings ဟူ၍ အမည်ပြောင်းလဲခဲ့ပြီး အီတိုသည် ဂုဏ်ထူးဆောင် ဥက္ကဋ္ဌအဖြစ် ပြန်လည်တာဝန်ယူခဲ့သည်မှာ သူကွယ်လွန်သည့် အချိန်အထိပင်ဖြစ်သည်။
အီတိုအနေဖြင့် ၁၉၆၀ ခုနှစ် အမေရိကန်သို့ အလည်ရောက်ခဲ့စဉ်က အမေရိကန်တွင် ကုန်စည်စီးဆင်းမှုများနှင့် စားသုံးသူများ၏ အမူအကျင့်များ ရှေ့သို့ ရောက်ရှိနေပုံကို အားကျခဲ့ရပြီး စစ်ပြီးခေတ် ဂျပန်ပြည်တွင် ထိုကဲ့သို့ စတင်ရန် စိတ်ကူးရခဲ့ကြောင်း ၁၉၈၈ ခုနှစ် ဂျပန်ကုန်သွယ်ရေးဂျာနယ်နှင့် အင်တာဗျူးတွင် ဖြေကြားခဲ့ဖူးသည်။
ထိုအင်တာဗျူး၌ပင် သူ၏ အောင်မြင်မှုများကို အလုပ်ကြိုးစားမှုကြောင့်လား၊ ကံတရားဖေးမမှုကြောင့်လားဟု မကြာခဏအမေးခံရကြောင်းနှင့် သူ့အဖြေမှာမူ နှစ်ခုထဲက တစ်ခုခုဖြစ်နိုင်ကြောင်း ဖြေကြားခဲ့သည်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: CNN Business, CAN
Photo: BBC