အမေရိကန် ရင်းနှီးမြှုပ်နှံမှု ဘဏ်လုပ်ငန်းကြီး Morgan Stanley မှ Managing Director နှင့် စီးပွားရေးပညာရှင်ဖြစ်သူ Deyi Tan က ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းအဖြစ်ထပ်မံဖြစ်ပွားလာပါက သက်ဆိုင်ရာ မူဝါဒချမှတ်သူ၊ တာဝန်ရှိသူများအနေဖြင့် ထိုအခြေအနေကို ယခင်ကထက် စီမံခန့်ခွဲနိုင်မှု ပိုမိုလာနိုင်ခြေရှိသည်ဟု ပြောကြားခဲ့သည်။
သူမက ဆက်လက်၍ ၂ ကြိမ်မြောက်ထိခိုက်ခြင်းကို မမျှော်လင့်ထားကြောင်း၊ နိုင်ငံများ၏ စီးပွားရေး လုပ်ငန်းများ ပြန်လည် လုပ်ကိုင်ခွင့်ပြုလျှင် နေ့စဉ်ကူးစက်နှုန်း တိုးမြင့်လာနိုင်သည်ကို သိရှိထားကြောင်း ပြောကြားခဲ့သည်။
လူများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဒုတိယလှိုင်းအနေဖြင့် လာမည်ကို စိုးရိမ်လျက်ရှိကြပြီး ကမ္ဘာ့ စီးပွားရေး ပြေးလမ်းချော်သွားမည့် အရေးကို စိတ်ပူလျက်ရှိကြသည်။
အာရှတွင် ဒုတိယ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု လှိုင်းဖြစ်ပါက ပထမအကြိမ်ကကဲ့သို့ စီးပွားရေး ထိခိုက်မှုများမည်မဟုတ်ဟု Deyi Tan က တရုတ်ပြည်၊ တောင်ကိုးရီးယားတို့ ပိုးတွေ့လူနာအသစ်ပြန်လည်တွေ့ရှိမှု အပေါ် မှတ်ချက်ပေးခဲ့သည်။
သူမ ပြောခဲ့သည့် Double Dip ဆိုသည်မှာ စီးပွားရေးကျဆင်းနေသော ကာလအတွင်း ပြန်လည်တိုးတက်မှု အနည်းငယ်ရှိလာပြီးနောက် နောက်ထပ် ထပ်မံ၍ စီးပွားရေးကျဆင်းမှု ဖြစ်ပေါ်လာခြင်းမျိုးကို ဆိုလိုခြင်းဖြစ်သည်။
အာရှနိုင်ငံများထဲမှ တောင်ကိုးရီးယား၊ ထိုင်ဝမ် နှင့် ဟောင်ကောင်တို့သည် ဧပြီလကုန်ပိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ပါတ်သက်သော စည်းမျဉ်းများကို ရပ်ဆိုင်းခဲ့ပြီး နေ့စဉ် ပိုးကူးစက်သူဦးရေလည်း တိုးလာခဲ့သည်။
Deyi Tan က အားလုံးကို ခြုံ၍ ကြည့်မည်ဆိုလျှင် စီမံခန့်ခွဲမှု ဆိုင်ရာကိစ္စများ၌ ယခင်ကထက် ပိုကောင်းလာကြောင်းတွေ့နေရသည်ဟု ဆိုသည်။
ထို့ကြောင့် ယခု အခြေအနေများကို သုံးသပ်၍ အာရှ နိုင်ငံများ၏ စီးပွားရေးတွင် Double Dip စီးပွားထပ်မံကျဆင်းမှုမျိုးကြုံရမည်ဟု မထင်ကြောင်း ပြောဆိုခဲ့သည်။
တရုတ်ပြည်၏ မြို့တော် ပေကျင်းတွင် ပြီးခဲ့သည့် အပတ်က ကူးစက်မှု အသစ်ကို တွေ့ရှိခဲ့ရပြီး ထို လူနာမှာ ရက် ၅၀ ကျော်အတွင်း တရားဝင် အသိအမှတ်ပြု ကူးစက်သူ ဖြစ်လာခဲ့သည်။
အချို့သော အာရှဒေသတို့တွင် စီးပွားရေး အရ ရုန်းကန်နေရဆဲဖြစ်သော်လည်း ဂျပန်နိုင်ငံအနေဖြင့် အခြားသော နိုင်ငံများနှင့်မတူပဲ တရုတ်ကဲ့သို့ အလျင်အမြန် စီးပွားပြန်လည်တိုးတက်ရေး လမ်းကြောင်းပေါ် ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။
အာရှ၏ စီးပွားရေး ပြန်လည်တိုးတက်မှုကို တရုတ်က ဦးဆောင်ရမည်ဟု မောဂန်စတန်လေမှ ထုတ်ပြန်သော စစ်တမ်းတွင် ဖေါ်ပြထားသည်။
တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့သော အဆိုပါ စစ်တမ်းတွင် တရုတ်၊ ထိုင်ဝမ်၊ ကိုရီးယား နှင့် ဟောင်ကောင်တို့၌ ကိုဗစ်-၁၉ စောစီးစွာ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ဖေါ်ပြထားပြီး ထိုနိုင်ငံများတွင် ပိုမိုထိရောက်သော တုံ့ပြန်မှုများ ရှိနေပြီဟု ဖေါ်ပြထားသည်။
Morgan Stanley သည် အမေရိကန် ရင်းနှီးမြှုပ်နှံမှု ဘဏ်လုပ်ငန်းကြီးဖြစ်ပြီး လုပ်ငန်းပိုင်ဆိုင်မှု တန်ဖိုးစုစုပေါင်း ဒေါ်လာ ၈၉၅.၄ ဘီလျံ ရှိနေသည်။
၂၀၁၉ ခုနှစ်တွင် ဝင်ငွေအနေဖြင့် ဒေါ်လာ ၄၁.၄၂ ဘီလျံ ရရှိခဲ့သည်။
၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စ၍ James P. Gorman က စီအီးအိုအနေဖြင့် ဦးဆောင်လျက်ရှိသည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics
Source: CNBC News, Photo Courtesy Of Morgan Stanley