နိုင်ငံပေါင်း ၁၃၀ က ဗဟိုဘဏ်ထိန်းချုပ်မှုရှိ ဒစ်ဂျစ်တယ်ငွေကြေးကိုဖေါ်ဆောင်နေ

Share

ကမ္ဘာ့စီးပွားရေး၏ ၉၈% ကို ကိုယ်စားပြုသော နိုင်ငံပေါင်း ၁၃၀ က ၎င်းတို့၏ နိုင်ငံပိုင်ငွေကြေးများကို ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး စီမံနေကြကြောင်းနှင့် ထက်ဝက်နီးပါးမှာ အဆင့်မြင့်နည်းပညာတိုးတက်မှုများရရှိနေပြီး ရှေ့ပြေးစမ်းသပ်ချက် – pilot သို့မဟုတ် သုံးစွဲမှုစတင်သည့် အဆင့်သို့ရောက်ရှိနေပြီဖြစ်ကြောင်း ဝါရှင်တန်အခြေစိုက် Atlantic Council Think Tank အဖွဲ့က ဗုဒ္ဓဟူးနေ့ထုတ်ပြန်ချက်တွင် ဖေါ်ပြခဲ့သည်။

ပြီးခဲ့သည့် ၆ လအတွင်း အာဂျင်တီးနားမှလွဲ၍ G-20 နိုင်ငံများအားလုံး ဗဟိုဘဏ်ထိန်းချုပ်ဒစ်ဂျစ်တယ်ငွေကြေး (CBDCs) ဖေါ်ဆောင်မှုတွင် အဆင့်မြင့်အခြေအနေများသို့ ရောက်ရှိခဲ့သည်ဟု အဆိုပါ သုတေသနစစ်တမ်းကဆိုသည်။

စီးပွားရေးအင်အားကြီး ၂ နိုင်ငံဖြစ်သော Emerging Economies များဖြစ်သည့် အိန္ဒိယ နှင့် ဘရာဇီး နိုင်ငံတို့သည် လာမည့်နှစ်တွင် နိုင်ငံပိုင် ဒစ်ဂျစ်တယ်ငွေကြေးများကို စတင်အသုံးပြုရန် စီစဉ်နေသည်။
ဥရောပဗဟိုဘဏ်က ၎င်းတို့၏ ဒစ်ဂျစ်တယ်ယူရို ငွေကြေအား ၂၀၂၈ ထက် ပို၍ စောလျင်စွာအသုံးပြုနိုင်ရန် နည်းလမ်းများကိုရှာဖွေနေသည်ဟု သိရသည်။

နိုင်ငံအများအပြား၏ ဗဟိုဘဏ်များက ၎င်းတို့ပိုင် ငွေကြေးများကို ဒစ်ဂျစ်တယ်အသွင်အဖြစ် ပြောင်းရန် လောဆော်နေခြင်းမှာ Bitcoin ကဲ့သို့ ဒစ်ဂျစ်တယ်ငွေကြေးနှင့် နည်းပညာလုပ်ငန်းကြီးများ၏ ခြိမ်းခြောက်မှုဒဏ်မှ ကာနိုင်ရန်ဖြစ်ပြီး ငွေသားစက္ကူအသုံးပြုမှုလျော့ကျလာခြင်းသည်လည်း အကြောင်းရင်း ၁ ခု ဖြစ်သည်ဟု ဆိုသည်။

ဩစတေးလျ၊ ထိုင်း၊ တောင်ကိုးရီးယားနှင့် ရုရှားတို့သည် ယခုနှစ်အတွင်း CBDCs ဒစ်ဂျစ်တယ်ငွေကြေး သုံးစွဲမှု ရှေ့ပြေးစမ်းသပ်ချက် pilot schemes များကို လုပ်ဆောင်သွားရန် လျာထားလျက်ရှိသည်။
အစိုးရနှင့် ဗဟိုဘဏ်များက ထိန်းချုပ်၍ မရသော Cryptocurrencies ဒစ်ဂျစ်တယ်ငွေကြေးများကို တားဆီးရန်နှင့် ဗဟိုဘဏ်ကြီးကြပ်မှုအောက်မှ စီးဆင်းသော CBDCs များကို စိတ်ဝင်စားမှုမြင့်တက်လာချိန်တွင် နိုင်ဂျီးရီးယား၊ ဆီနီဂေါနှင့် အီကွေဒေါကဲ့သို့သော နိုင်ငံများသည် CBDC ဖြစ်ပေါ်ရန် အားထုတ်မှုများကို ယာယီ သို့မဟုတ် အပြီး ရပ်ဆိုင်းလိုက်ကြခြင်းများလည်း ရှိနေသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မေလအထိတွင်မူ CBDC များကို သုံးစွဲရန် စိတ်ဝင်စားသော နိုင်ငံအရေအတွက် ၃၅ နိုင်ငံသာ ရှိသေးသည်ဟု Atlantic Council က ဖေါ်ပြခဲ့သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Reuters Business, Atlantic Council, IMF
Image: Giesecke Devrient

%d bloggers like this: