ဟန်ဂေရီ၏ ဘတ်ဂျတ် (စရိတ်သက်သာ) လေကြောင်းလိုင်းတစ်ခုဖြစ်သော Wizz Air သည် လက်ရှိအချိန်၌ ၇၅% သော လေယာဉ်လက်မှတ်များကို ရောင်းချနေလျက်ရှိကြောင်း သိရသည်။
သို့သော် လက်မှတ်ဝယ်ယူပြီး အချို့သော သူများ ရောက်မလာနိုင်ခြင်းကြောင့် ခရီးသည် ထက်ဝက်ခန့်မျှတော့ ရှိကြောင်း အမှုဆောင်အရာရှိချုပ် József Váradi က ပြောကြားသည်။
ခရီးသည်များအနေဖြင့် မျက်နှာဖုံးအကာအကွယ်များ ဝတ်ဆင်လာရမည်ဖြစ်ပြီး လက်ဆေးဗူးများကို ပေးမည်လည်းဖြစ်သည်။
လေယာဉ်ပေါ်တွင် အစားအသောက်ရောင်းချခြင်းမရှိပဲ၊ ပုံမှန်မြင်နေရမည့် လေယာဉ်တွင်း ဖတ်စရာ မဂ္ဂဇင်းများလည်း ထားရှိမည်မဟုတ်ကြောင်း၊ ဤစနစ်သည် Wizz Air ၏ သန့်ရှင်းရေး စနစ်သစ်ဖြစ်ကြောင်း သိရသည်။
ဗာရာဒီက အချို့သော လူများသည် ယခုအခါ ဆွေမျိုးများဆီသို့ လေယာဉ်ဖြင့် အလည်အပတ်သွားနေကြပြီဖြစ်ကြောင်း၊ လက်ရှိ အသွားအလာကန့်သတ်နေရမှုကို ရပ်တန့်ရန် သူတို့၏ ဒုတိယ အိမ်သဖွယ်ဖြစ်သော ဆွေမျိုးများဆီ သွားလာနေခြင်းဖြစ်ကြောင်း ဘီဘီစီနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
လက်ရှိ သိရသလောက် လူငယ်များသည် လေယာဉ်ပြန်စီးရန် အလွန်စိတ်အားထက်သန်နေကြောင်း သူက ဆိုသည်။
သို့သော် ယခုအထိ နိုင်ငံတကာက လေကြောင်းလိုင်းများအတွက် စီးနင်းရန်၊ လေဆိပ်အသုံးပြုမှုများ ကန့်သတ်ရန် ဘုံချမှတ်ထားသော စည်းမျဉ်းများ မရှိသေးခြင်းကြောင်း စိတ်ပျက်ဖွယ်ရာ အခြေအနေဖြစ်ကြောင်း ပြောဆိုခဲ့သည်။
နိုင်ငံများနှင့် လူများကို အမြဲတန်း အသွားအလာထိန်းချုပ်ကန့်သတ်ရန် မဖြစ်နိုင်သောကြောင့် ဗိုင်းရပ်စ် မပျံ့နှံ့ရန် ချမှတ်ထားသော စည်းမျဉ်းများနှင့် လုပ်ငန်းများ ပြန်လည် လည်ပတ်ရန် လိုအပ်နေမှုများကြား ထိန်းညှိသွားရန် လိုအပ်နေကြောင်း သူက ဆိုသည်။
ရေရှည်တွင် လေကြောင်းလိုင်းများ ပျောက်ကွယ်သွားနိုင်ပြီး လေယာဉ်အားလုံးနီးပါးမှာလည်း မြေပြင်တွင် ရပ်တန့်ထားရပြီးဖြစ်သည်။
ကပ်ဘေးမတိုင်မီအချိန်က လေကြောင်းစီးပွားရေး အဆင့်သို့ ပြန်လည်ရောက်ရှိနိုင်ရန် နှစ်ပေါင်းများစွာ ကြာမြင့်မည်ဖြစ်သည်။
လေယာဉ်မှူးများနှင့် ဝန်ထမ်းများ ထောင်သောင်းချီ အလုပ်ဆုံးရှုံးခဲ့ပြီးလည်း ဖြစ်သည်။
Wizz Air ပိုင် လေယာဉ်တစီး သြစတီးယားလေဆိပ်တခုမှ ထွက်ခွာစဉ်
Wizz Air လေကြောင်းလိုင်းအနေဖြင့်လည်း ဥရောပ တခွင်ရှိ သူ၏ ဝန်ထမ်း ၁၀၀၀ မှ ၅၀၀၀ ကြားလျှော့ချသွားမည်ဟု သိရသည်။
သို့သော်လည်း ဝဇ် လေကြောင်းလိုင်းသည် ယခု အပတ်အတွင်း လမ်းကြောင်း သစ်များအဖြစ် Luton မှ ဂရိ ကျွန်း ၄ ကျွန်းသို့ လည်းကောင်း၊ ပေါ်တူဂီ အယ်ဂါ့ဗ်ရှိ Faro သို့ လည်းကောင်း ပျံသန်းရန် စီစဉ်နေကြောင်း သိရသည်။
ဆောင်းဦးပေါက်တွင် Marrakech သို့ ပျံသန်းနိုင်မည်ဟုလည်း မျှော်လင့်နေသည်။
လေကြောင်းလိုင်းအနေဖြင့် ယခုနှစ်ကုန်တွင် ပြန်လည်နိုးထနိုင်ရန် ခန့်မှန်းထားပြီး လေကြောင်းခရီးစဉ်အရေအတွက်ကိုလည်း နောက်လာမည့် ၁၈ လ အတွင်း ခရီးစဉ် ၁၂၁ ခုမှ ၁၃၅ သို့ တိုးမြှင့်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
လေကြောင်းလိုင်း စီအီးအိုများအနေဖြင့် အကောင်းမြင်မှုများနှင့် ရှေ့ဆက်လျက်ရှိပြီး ကြိုတင်ခန့်မှန်းထားမှုများသည် ယခု လာမည် နွေတွင် ဖြစ်လာနိုင်စရာ ရှိနေသည်။
လေကြောင်းလိုင်းများ၏ ကြိုတင်ခန့်မှန်းမှုများသည် ပုံမှန်အားဖြင့် စိတ်ချရသော်လည်း ယခုအခြေအနေမှာ မရေရာမှုများ အများဆုံး ကြုံနေရချိန်လည်း ဖြစ်သည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics
Source: BBC News, Wizz Air,