ဗြိတိန် လေကြောင်းလိုင်းတခုဖြစ်သော Virgin Atlantic သည် ကိုဗစ်ကပ်ဘေးကြောင့် ထိခိုက်လာနေမှုများကို သက်သာစေရန် အလုပ်အကိုင်နေရာပေါင်း ၃၁၅၀ ကို လျှော့ချခဲ့ကြောင်း အင်္ဂါနေ့က ကြေငြာခဲ့သည်။
အဆိုပါ လေကြောင်းလိုင်းက ဗြိတိန် လေယာဉ်မှူးအသင်း BALPA နှင့် ဗြိတိန်၊ အိုင်ယာလန် အလုပ်သမား သမဂ္ဂ Unite The Union တို့နှင့် အလုပ်အကိုင်လျှော့ချသည့် ကိစ္စရပ်များကို ၄၅ ရက်ကြာ ကာလ သတ်မှတ်၍ ဆွေးနွေးနေသည်ဟု ဆိုသည်။
CEO ဖြစ်သူ Shai Weiss က လေကြောင်းလိုင်းအနေဖြင့် လွန်ခဲ့သည့် ၃၆ နှစ် ပထမဆုံး လေကြောင်းခရီးစဉ်မှစ၍ အခက်အခဲ မုန်တိုင်းများကို ရင်ဆိုင်ခဲ့ဖူးကြောင်း၊ ယခု ကိုဗစ်-၁၉ ကဲ့သို့ လူမှုဘဝများစွာကို ထိခိုက်စေသည့် အရာမျိုးနှင့် မကြုံဖူးကြောင်း ပြောကြားခဲ့သည်။
သို့သော်လည်း လုပ်ငန်းရှေ့ဆက်လက်လည်ပတ်ရန်မှာ စရိတ်များစွာကို လျှော့ချရန် လိုအပ်ပြီး၊ လက်ကျန်ငွေလုံလောက်မှုရှိရန်လည်း လိုကြောင်းနှင့် တက်နိုင်သ၍ အလုပ်အကိုင်များ မဆုံးရှုံးစေရန် ကာကွယ်သွားမည်ဟု ဆိုသည်။
အခြား လေကြောင်းလိုင်းတစ်ခုဖြစ်သော United Airlines သည် ကုမ္ပဏီ၏ စီမံခန့်ခွဲမှုစရိတ်ကို ၃၀% ခန့် ဖြတ်တောက်သွားမည်ဟုသိရသည်။
British Airways သည်လည်း ၎င်း၏ အလုပ်သမား ဦးရေ ၁သောင်း ၂ထောင်ခန့် အလုပ်ဆုံးရှုံးရနိုင်သည်ဟု ပြီးခဲ့သည့် အပတ်က ကြေငြာခဲ့သည်။
ဗာဂျင်းလေကြောင်းလိုင်း၏ ပိုင်ရှင်ဖြစ်သူ Richard Branson သည် ပြီးခဲ့သည့် လက ဗြိတိန်အစိုးရထံမှ လေကြောင်းလိုင်းအတွက် ထောက်ပံ့ငွေ ယူခဲ့မှုနှင့် ပက်သက်ပြီး ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
သို့သော် ရစ်ချက် ဘရန်ဆန်က တောင်းဆိုရယူထားသည့် ထောက်ပံ့ငွေများသည် အစိုးရကို ပြန်လည်ပေးဆပ်ရမည့် ငွေများသာဖြစ်ကြောင်း သူ၏ ဆုံးဖြတ်ချက်နှင့် ပက်သက်၍ ကာကွယ်ပြောဆိုခဲ့သည်။
သူက ဆက်လက်၍ ယခု ကာလသည် စိန်ခေါ်မှုအများဆုံးကာလဖြစ်ကြောင်းဆိုသည်။
နိုင်ငံတကာ လေကြောင်းသယ်ယူပို့ဆောင်ရေးအသင်း IATA က ဥရောပ တလွှားရှိ လေကြောင်းခရီးသွားလုပ်ငန်းများအနေဖြင့် အလုပ်အကိုင်ပေါင်း ၆.၇ သန်းခန့် ဆုံးရှုံးဖွယ်ရှိနေကြောင်း ခန့်မှန်းထားသည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics
Source: CNBC News, Image: Mike Kemp Getty Images