0

တရုတ်လေယာဉ်တွေကို ပြည်ဝင်ခွင့်ပိတ်လိုက်တဲ့ ထရမ့်အစိုးရ

Share

     ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ အမေရိကန် ပို့ဆောင်ရေးဌာနကနေ ဒီအမိန့်ကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး ကပ်ရောဂါပြီးချိန်မှာ ပြန်ပြေးဆွဲမဲ့ တရုတ်လေကြောင်းလိုင်း တွေကို ပြည်ဝင်ခွင့်ပိတ်လိုက်တာဖြစ်ပါတယ်။ ဒီအမိန့်ဟာ ဇွန်လ ၁၆ရက်နေ့မှာ စတင်အသက်ဝင်မှာဖြစ်ပြီး ပိတ်ပင်ခံရတဲ့ လေကြောင်းလိုင်းတွေကတော့ Air China, China Eastern Airline, China Southern Airline နဲ့ Hainan Airline တို့ဖြစ်ပါတယ်။ အမေရိကန် ပို့ဆောင်ရေးဌာနက ထုတ်ပြန်တဲ့ စာမှာတော့ ဒီလိုလုပ်ရတာဟာ အမေရိကန်လေကြောင်းလိုင်းတွေဖြစ်တဲ့ United Airline နဲ့ Delta Airline တို့ကို တရုတ်က လေကြောင်းခရီးစဉ်တွေ ပြန်ဆွဲခွင့်မပေးတဲ့အတွက် ဒဏ်ခတ်တဲ့အနေနဲ့ ပြန်လည်တုံ့ပြန်ရတာပဲဖြစ်တယ်လို့ ပါဝင်ပါတယ်။ United Airline နဲ့ Delta Airline တို့ဟာ တရုတ်မှာ ကပ်ရောဂါပြင်းထန်တဲ့ ဖေဖော်ဝါရီလထဲက တရုတ်နဲ့ အမေရိကကို လေကြောင်းခရီးပြေးဆွဲမှု ရပ်နားထားတာဖြစ်ပြီး အခုလို တရုတ်က အခြေအနေတွေပုံမှန်ပြန်ဖြစ်ချိန်မှာ ခရီးစဉ်တွေ ပြန်လည်စတင်ဖို့ ခွင့်ပြုချက်တောင်းခံခဲ့ပေမဲ့ ဘေဂျင်းက မသိချင်ယောင်ဆောင်နေခဲ့တာပါ။
     ဒီဖြစ်ရပ်ဟာ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲရဲ့ နောက်ဆုံးပွတ်တိုက်မှုဖြစ်ပြီး ခုလို တရုတ်လေကြောင်းလိုင်းတွေကို ဝင်ခွင့်ပိတ်တဲ့ အမိန့်ဟာ ဘယ်အချိန်ထိ တည်ရှိနေမယ်ဆိုတာ သေချာမပြောနိုင်သေးဘူးလို့ ပို့ဆောင်ရေးဌာနက ပြောပါတယ်။ အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးနဲ့ ပိတ်ပင်ခံရတဲ့ လေကြောင်းလိုင်းတွေကတော့ ခုချက်ခြင်းထင်မြင်ချက်ပေးဖို့ကို ငြင်းဆိုခဲ့ကြပါတယ်။ ဒီပိတ်ပင်မှုဟာ အပေါ်က ပြောခဲ့တဲ့ တရုတ်လေကြောင်းလိုင်း ၄ခုကိုသာ သက်ရောက်မှာဖြစ်ပြီး ဟောင်ကောင်လေကြောင်းလိုင်းတွေကိုတော့ သက်ရောက်မှာမဟုတ်ဘူး။ လေကြောင်းလိုင်းတွေမှာ အကြီးတန်းအရာရှိအဖြစ်တာဝန်ယူခဲ့ပြီး ခုချိန်မှာ Aviation Analyst လုပ်နေတဲ့ ဘော့မန်းကတော့ နှစ်နိုင်ငံလုံးဟာ လွန်ခဲ့တဲ့ နှစ်၃၀က ပြည်ဝင်ခွင့်အပြန်အလှန်တင်းကြပ်ထားတဲ့ ခေတ်ကို ပြန်သွားနေကြတယ်လို့ မှတ်ချက်ပေးသွားပါတယ်။ ဝါရှင်တန်ကတော့ ဘေဂျင်းကနေ မီးစိမ်းမပြမချင်း ဒီပိတ်ပင်မှုကို ဆက်လုပ်သွားဖို့ရှိနေပြီး သမ္မတထရမ့်ရဲ့ သဘောထားပေါ်မှာ အများကြီးမူတည်နေတယ်လို့ သိရပါတယ်။
     Delta Airline ကတော့ သူတို့ရဲ့ အခွင့်အရေးနဲ့ တန်းတူညီမျှမှုအတွက်လုပ်ဆောင်ပေးတဲ့ အမေရိကန်အစိုးရရဲ့ လုပ်ရပ်ကို အသိအမှတ်ပြုထောက်ခံကြောင်း ပြောပါတယ်။ United Airline ကတော့ ဒီလိုလိပ်ခဲတည်းတည်းအခြေအနေတွေ အမြန်ပြေလည်ပြီး နှစ်နိုင်ငံ အရင်လို ခရီးသည်နဲ့ ကုန်စည်တွေအပြန်အလှန်စီးဆင်းမဲ့ အခြေအနေအမြန်ပြန်ရောက်လာဖို့ မျှော်လင့်ကြောင်း ပြောသွားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းကဆိုရင် တရုတ်နဲ့ အမေရိကန်ကြား တပတ်ကို လေကြောင်းခရီးစဉ်ပေါင်း ၃၀၀ကျော်ပြေးဆွဲလေ့ရှိတယ်လို့ အချက်အလက်တွေအရသိရပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: BBC, CNBC
Photo: Queen of the Skies

%d bloggers like this: