ဘန်ကောက်က Tuk Tuk ဆိုင်ကယ်တွေဟာ ထိုင်းနိုင်ငံရဲ့ အထင်ကရ အမှတ်အသားတစ်ခုဖြစ်ပြီး ကမ္ဘာလှည့်ခရီးသည်တွေကို စွဲဆောင်တဲ့ နေရာမှာ အဓိကအစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်နေပါတယ်။ တကယ့် Tuk Tuk ဆိုင်ကယ်တွေနဲ့ ဘန်ကောက်ကို လည်ပတ်ကြည့်ရှုလို့ရပြီး ထိုင်းနိုင်ငံပြန်အမှတ်တရအနေနဲ့ Tuk Tuk ပုံပါတဲ့ သော့ချိတ်၊ ပန်းချီ၊ အင်္ကျီ၊ နောက် ဘန်ကောက်ညဈေးက လက်မှုပညာနဲ့ လုပ်ထားတဲ့ Tuk Tuk ပုံစံငယ် အသေးစားလေးတွေ ထုတ်ရောင်းတဲ့ အထိကို ပုံစံမျိုးစံနဲ့ ထိုင်းနိုင်ငံရဲ့ ခရီးသွားကဏ္ဍမှာ ပါဝင်အသုံးတော်ခံထားပါတယ်။ ဒါပေမဲ့ ခုချိန်မှာတော့ တစ်ကမ္ဘာလုံး Covid-19 ကြောင့် စီးပွားရေး ထိခိုက်နေချိန်မှာ Tuk Tuk မောင်းသမားတွေလည်း ဒီရိုက်ခတ်မှုကနေ မလွတ်ခဲ့ပါဘူး။တစ်နေ့ထပ် တစ်နေ့ ကြဲပါးလာတဲ့ ခရီးသွားတွေကြောင့် တချို့ Tuk Tuk ဆိုင်ကယ်သမားတွေဆို ပုံမှန်ဝင်ငွေရဖို့ ရုန်းကန်နေရပါတယ်။ ဒါပေမဲ့ တချို့ကတော့ ဖြစ်လာတဲ့အခြေအနနဲ့ လိုက်လျောညီထွေစွာပဲ ခရီးသည်တွေပို့မဲ့အစား ပါဆယ်ထုတ်တွေပို့ပေးတဲ့ ဝန်ဆောင်မှုကိုပြောင်းလဲ လုပ်ကိုင်နေကြပါပြီ။
အရင်က ခရီးသွားကုမ္ပဏီတစ်ခုက ဦးစီးလုပ်ကိုင်နေတဲ့ Smiling Tuk Tuk ဆိုတဲ့ ဆိုင်ကယ်သမားအဖွဲ့ဟာ ခုဆိုရင် Tuk Tuk X ဆိုတဲ့ အမြန်ချောပို့ဝန်ဆောင်မှုတစ်ခုကို စတင်လိုက်တာပါ။ အဖွဲ့ဝင် ၅၀ ပါဝင်တဲ့ သူတို့အဖွဲ့ရဲ့ ကြောငြာမှာဆိုရင်တော့ ခရီးစဉ်တစ်ကြောင်းစာကို ဘတ် ၁၈၀ (မြန်မာငွေ ၆သောင်းခွဲခန့်) ကျသင့်မှာဖြစ်ပြီး ခရီးလမ်းကြောင်းထဲမှာ ပေးရမဲ့ နေရာ ၂ခု ၃ခု ထည့်ပေးလို့ရတယ်လို့ပါပါတယ်။ ပါဆယ်ထုပ်ရဲ့ အလေးချိန်ကို မကန့်သတ်ထားဘဲနဲ့ အရွယ်အစားကိုသာ အမြင့် ၉၀ စင်တီမီတာနဲ့ အရှည် ၁၀၀ စင်တီမီတာ မကျော်ရဘူးလို့ သတ်မှတ်ထားပါတယ်။ ပို့ပေးနိုင်တဲ့ အကွာအဝေးကတော့ ဘန်ကောက်မြို့လယ်က Victory Monument ကျောက်တိုင်ကနေ ၁၀ကီလိုမီတာ အဝန်းအဝိုင်းအတွင်းဖြစ်တယ်လို့ ပါရှိတာပါ။
သူတို့အဖွဲ့ရဲ့ ခေါင်းဆောင်ကတော့ ပါဆယ်ပို့တဲ့ ဝန်ဆောင်မှု စတင်တဲ့ နေ့မှာပဲ ဖုန်းခေါ်ဆိုမှု ၄၀လောက်ရခဲ့တယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံရဲ့ ခရီးသွားလာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ မှတ်တမ်းတွေအရတော့ ဒီနှစ် ဖေဖော်ဝါရီလမှာ ခရီးသွား ၂သန်းလောက် နိုင်ငံထဲကို ဝင်ရောက်ခဲ့ပြီး မနှစ်က ၃.၆သန်းထက် ၄ရာခိုင်နှုန်းလျော့နည်းခဲ့တာပါ။ ဒီနှုန်းအရဆိုရင်တော့ ထိုင်းနိုင်ငံဟာ သူတို့ရည်မှန်းထားတဲ့ မနှစ်က ခရီးသွား သန်း၄၀ ဝင်ရောက်မှုစံချိန်ကို မကျော်နိုင်တော့ဘဲ ဒီနှစ်ဟာ ခရီးသွား ၃၃ သန်းလောက်ပဲဝင်ရောက်တော့မယ်လို့ ခန့်မှန်းထားပါတယ်။ Tuk Tuk X ကတော့ ပါဆယ်ပို့တဲ့ဝန်ဆောင်မှုနဲ့ ရှင်သန်အောင်ကြိုးစားနေပေမဲ့ တခြားအဖွဲ့တော်တော်များများက ဆိုင်ကယ်သမားတွေကတော့ ကယ်ရီဆွဲမကောင်းလို့ ဇာတိမြိူ့တွေဆိုပြန်သွားတဲ့ သူတွေလည်းရှိပါတယ်တဲ့။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: bangkokpost