Coronavirus ကြောင့် လူအများစုဟာ ခရီးသွားသင့်၊ မသွားသင့် ဒါမှမဟုတ် စီစဉ်ပြီးသား ခရီးစဉ်တွေကို cancel ဖို့ စဉ်းစားလာကြပါပြီ။ မကြာသေးခင်ကအထိ ခရီးသွားအာမခံ လုပ်ငန်းတွေကနေ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အာမခံ cover မပေးခဲ့ပါဘူး။ ဒါပေမဲ့ အခုအခါမှာတော့ ခရီးသွားတွေရဲ့ အခက်အခဲတွေကြောင့် အာမခံလုပ်ငန်းအချို့နှင့် ပြည်နယ်အစိုးရဘက်ကနေ အာမခံ စည်းကမ်း သတ်မှတ်ချက်များကို ဖြေလျှော့ပေးလာခဲ့ပါတယ်။
အကြီးဆုံး အာမခံလုပ်ငန်းများဖြစ်တဲ့ Allianz Travel Insurance မှ Coronavirus ကြောင့် ခရီးစဉ်ဖျက်သိမ်းမှုနှင့် ဗိုင်းရပ်စ်နဲ့သက်ဆိုင်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို claims လုပ်ခွင့်ပေးလိုက်ပါတယ်။ ခရီးသွားတွေက ကုမ္ပဏီရဲ့အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှု အာမခံ တွေဖြစ်တဲ့ Emergency Medical Care နှင့် Emergency Medical Transportation Insurance တွေဝယ်ယူထားမယ်ဆိုရင် ခရီးစဉ်အတွင်း Coronavirus ကြောင့် နာမကျန်းဖြစ်လာခဲ့ပါက အာမခံခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Trip Cancellation ဒါမှမဟုတ် Trip Interruption အာမခံဝယ်ယူထားပါက ဗိုင်းရပ်စ် အဓိက ပြန့်ပွားခဲ့ရာ နိုင်ငံများဖြစ်တဲ့ တရုတ်ပြည်မကြီး၊ တောင်ကိုရီးယား နှင့် အီတလီမှ လွန်ဘာဒီ၊ ဗီနီတို ဒေသများသို့သွားသည့် ခရီးစဉ်များအား ဖျက်သိမ်းလိုပါက ခရီးစဉ် ကုန်ကျစရိတ်များ ပြန်လည်ရရှိမှာဖြစ်ပြီး၊ ဧပြီလ ၁ရက် ၂၀၂၀ မတိုင်မီ ခရီးစဉ်များကိုသာ အကျုံးဝင်မှာ ဖြစ်ပါတယ်။
“ယခုအချိန်ဟာ ခရီးသွားတွေရော ခရီးသွားလုပ်ငန်းတွေ အတွက်ပါ အခက်အခဲဆုံး အချိန်ဆိုရင် မမှားပါဘူး။ အခုလို နည်းလမ်းမျိုးနဲ့ ကျွန်တော်တို့ customers တွေကို တဖက်တလမ်းက အကောင်းဆုံး ကူညီနိုင်မှာ ဖြစ်ပါတယ်” လို့ Global Travel Insurance ရဲ့CEO Mike Nelson ကပြောပါတယ်။
Coronavirus ကိုကြောက်လို့ခရီးမသွားတော့ဖို့ဆုံးဖြတ်လိုက်သူတွေအတွက် ခရီးစဉ် ကုန်ကျစရိတ်တွေ ပြန်လည်ရရှိဖို့ အတွက် ဝယ်ယူနိုင်တဲ့ အာမခံအမျိုးအစားကို CFAR, Cancel for Any Reason လို့ခေါ်ဆိုပြီး CFAR coverage ကိုဝယ်ယူနိုင်တဲ့ ကုမ္ပဏီတွေကတော့ Allianz Global Assistance, Nationwide, Starr Indemnity, Berkshire Hathaway Travel Protection, Crum & Forster နှင့် Zurich Insurance Group တို့ပဲဖြစ်ပါတယ်။
“အခြား အာမခံကုမ္ပဏီတွေအနေနှင့်လည်း အခုလို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်လာတဲ့ travel claim တွေနဲ့ ပတ်သက်တဲ့ စည်းကမ်းချက်တွေကို လျှော့ချပေးဖို့လိုအပ်ကြောင်း၊ အခြေအနေတရပ်ပေါ် မူတည်ပြီး customer တွေ အဆင်ပြေစေမဲ့ ပြောင်းလဲမှုတွေ လုပ်ပေးဖို့လိုအပ်ကြောင်း” Squaremouth မှာ Press Manager ဖြစ်သူ Kasara Barto ကပြောခဲ့ပါတယ်။ နောက်ပြီး ခရီးသွားတွေအနေနဲ့ ကိုယ်ဝယ်ယူထားတဲ့ ခရီးသွားအာမခံ ပေါ်လစီတွေ ပြောင်းလဲမှုရှိသလားဆိုတာ အာမခံ ကုမ္ပဏီ ကို တိုက်ရိုက် ဆက်သွယ်ကြည့်ကြဖို့ သူမက အကြံပြုထားပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: CNN News