0

ထိုင်းနိုင်ငံက ပြည်တွင်းခရီးသွားလုပ်ငန်းများအားကောင်းအောင် မြှင့်တင်သွားမည်

Share

ကိုဗစ်ကာလအတွင်း ကမ္ဘာ့ ခရီးသွားလုပ်ငန်းများ ထိခိုက်လာမှုကြောင့် ထိုင်း အစိုးရ စီမံကိန်းဌာနအနေဖြင့် လာမည့် တတိယ ၃ လပတ်မှ စတင်၍ ပြည်တွင်းခရီးသွားလာရေး မြင့်မားတိုးတက်လာစေရန် ဆောင်ရွက်သွားမည်ဟု တနင်္လာနေ့က ကြေငြာခဲ့သည်။

၁၉၉၇-၉၈ အာရှ ဘဏ္ဍာရေးပျက်ကပ်ဖြစ်ပွားပြီး နောက်ပိုင်း ပို့ကုန်လုပ်ငန်းများ နှင့် ခရီးသွားလုပ်ငန်းနယ်ပယ်များတွင် စီးပွားကျဆင်းနိုင်မှု ၅% မှ ၆% ခန့် ရှိနိုင်သည်ဟု အဆိုပါ ဌာနက ထုတ်ပြန်ခဲ့သည်။

အခြား စီးပွားရေး အင်ဂျင်များ ကိုဗစ်ကာလအတွင်း ရပ်ဆိုင်းသွားမှုကြောင့် နိုင်ငံ၏ စီးပွားရေး ပြန်လည် ထောင်မတ်လာစေရန် ကူညီနိုင်မည့် အရာမှာ အစိုးရ၏ ငွေသုံးစွဲမှုများနှင့် အခွန်ဌာန တို့သာဖြစ်သည်ဟု ဆိုသည်။

အမျိုးသား စီးပွားနှင့် လူမှု တိုးတက်ရေး ကောင်စီ (National Economic and Social Development Council) ၏ အတွင်းရေးမှူးချုပ်ဖြစ်သူ Thosaporn Sirisumphand က သတင်းအကျဉ်းချုပ်ကို ထုတ်ပြန်ခဲ့ပြီး အစိုးရအနေဖြင့် လာမည့် ဂျူလိုင်တွင် ပြည်တွင်းခရီးသွားလုပ်ငန်းများကို ကယ်တင်ရန် လျာထားသည့် ငွေကြေး အထောက်အပံ့ (Package) များ ထုတ်ပေးလာဖွယ်ရှိသည်ဟု ဆိုသည်။

သူက ဆက်လက်၍ ခရီးသွားလုပ်ငန်းသည်သာ စီးပွားရေးပြန်နာလန်ထူဖို့ အမြန်ဆုံးလုပ်ဆောင်ရမည့် ကိစ္စသာဖြစ်ပြီး၊ အခြေအနေများ ကောင်းလာပါက နိုင်ငံခြားသားများကိုပါ ပြန်လည် ဝင်ခွင့်ပေးနိုင်ဖွယ်ရှိသည် ဟု ပြောခဲ့သည်။

ပြည်တွင်ခရီးသွားလာရေးကို ကျားကန်ပေးမည့် အဆိုပါ ထောက်ပံ့မှုတွင် ထိုင်းအစိုးရအနေဖြင့် ထိုင်းဘတ်ငွေ ၁ ထရီလျံ (1 Trillion Baht) ကို ချေးငှားရဖွယ်ရှိနေပြီး ကပ်ဘေးကြောင့် အလုပ်လက်မဲ့ ဖြစ်လာမှုများကို ကယ်ဆယ်မှုများလည်း ပါဝင်လာမည်ဖြစ်သည်။

ယင်းထောက်ပံ့ကြေးများတွင် အခန်းခများကူညီပေးခြင်း နှင့် အခြား အထွေထွေကိစ္စအနည်းငယ်ပါဝင်မည်ဖြစ်ပြီး၊ ယခုအကူအညီများက ကိုဗစ်ထိခိုက်မှုများကို အဆုံးသတ်စေမှာ မဟုတ်ကြောင်း သိရှိပါသည်ဟု မစ္စတာ Thosaporn က ဆိုသည်။

ယမန်နှစ်က ပြည်ပခရီးသွားများ၏ အသုံးစရိတ်များမှ နိုင်ငံ့ GDP ၏ ၁၁.၄% ထိ ဝင်ငွေရရှိခဲ့ပြီး၊ ပြည်တွင်းခရီးသွားများကြောင့်လည်း ဂျီဒီပီ၏ ၆% ထိ ဝင်ငွေရှိခဲ့သည်ဟု ဆိုသည်။

ထိုင်း ခရီးသွားလာရေးလုပ်ငန်း အာဏာပိုင်အဖွဲ့မှ ကြေငြာချက်အရ ယခုနှစ် အရှေ့တောင် အာရှနိုင်ငံများသို့ ပြည်ပခရီးသွားဦးရေ ၆၅% ခန့် လျော့ကျနိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ယနေ့ မေလ ၂၆ ရက်နေ့ထိ ကိုဗစ်ကူးစက်သူ လူနာ ၃၀၄၂ ယောက်ရှိနေပြီး သေဆုံးသူအရေအတွက်မှာ ၅၇ ယောက်ဖြစ်သည်။

ထိုင်းအာဏာပိုင်အဖွဲ့အနေဖြင့် ထိုသို့ ခရီးသွားအရေအတွက်ကို ခန့်မှန်းထားသော်လည်း လက်ရှိတွင် နိုင်ငံများအားလုံး လေယာဉ်၊ အခြား ခရီးစဉ်များဖြင့် ဖြတ်ကျော်မှုများကို တားမြစ်ထားဆဲဖြစ်သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics

Source: The Bangkok Post, Coronavirus Data, Orio Economics Research, Image: TTR Weekly

%d bloggers like this: