0

ခရီးသည်များကို ဥပဒေမဲ့ လက်မှတ်ပယ်ဖျက်ခဲ့မှုများကြောင့် Spirit လေကြောင်း ဒဏ်ရိုက်ခံရ

Share

အမေရိကန် ပြည်ထောင်စုရှိ သယ်ယူပို့ဆောင်ရေးဌာနသည် ခရီးသည်များအပေါ် လုပ်ထုံးလုပ်နည်းနှင့် မလျော်ညီပဲ ဥပဒေမဲ့ ခရီးစဉ်လက်မှတ်ပယ်ဖျက်ခဲ့မှုများ ပြုလုပ်ခဲ့သည့် Spirit လေကြောင်းကို ဒဏ်ငွေ ဒေါ်လာ ၃ သိန်းခွဲ ဒဏ်ရိုက်ခဲ့သည်။

Spirit လေကြောင်းလိုင်းသည် ထိုကဲ့သို့ စည်းကမ်း ဖေါက်ဖျက်မှုများ အပြင် ခရီးစဉ်လက်မှတ် ဖြတ်သိမ်းခံရသည့် ခရီးသည်အရေအတွက်ကိုလည်း ရည်ရွယ်ချက်ရှိရှိ မှားယွင်းဖေါ်ပြခဲ့မှုများရှိခဲ့သည်ဟု ဆိုသည်။

ပုံမှန်အားဖြင့် လေကြောင်းလိုင်းများသည် ခရီးစဉ်အတွက် ပုံမှန်ရနိုင်သည့် ထိုင်ခုံအရေအတွက်ကို ယာဉ်ပေါ်တွင်ရှိသည်ထက် ပိုမို ပြလေ့ရှိကြပြီး အကယ်၍ လက်မှတ်ဖြတ်ထားသော ခရီးသည်အားလုံး မပျက်မကွက်ပဲ ခရီးစဉ်အမီ လာရောက်ဖြစ်ပါက ထိုင်ခုံ လိုအပ်ချက်များ ရှိလာလေ့ရှိသည်။

ထိုအခါတွင် ခရီးသည်များထဲမှ မိမိသဘောဆန္ဒအရ ခရီးစဉ် အချိန်ကို ရွှေ့လိုသူများထွက်ပေါ်လာစေရန် တောင်းဆိုလေ့ရှိပြီး နောက် ခရီးစဉ်ဖြင့် လိုက်နိုင်မည့်သူများကို နစ်နာကြေး အချို့ သို့မဟုတ် အခြား အခွင့်အရေးများ လေကြောင်းလိုင်းဘက်က ပေးရလေ့ရှိသည်။

ဤသည်မှာ ဥပဒေအရ ဖြစ်ပြီး အကယ်၍ ခရီးသည်များဘက်မှ မိမိထိုင်ခုံကို စွန့်လွှတ်၍ နောက်ခရီးစဉ်ဖြင့် လိုက်မည့်သူ မပေါ်ပါက လေကြောင်း ကုမ္ပဏီအနေဖြင့် သတ်မှတ်ထားသည့် နစ်နာကြေးပေးကာ လက်မှတ်ကို ဖြတ်သိမ်းနိုင်ခွင့်များလည်းရှိသည်။

သို့သော် Spirit လေကြောင်းသည် ၂၀၁၇ မှ ၂၀၁၈ အတွင်း လက်မှတ်ဖြတ်သိမ်းခံရသော ခရီးသည်များကို သတ်မှတ်ထားသည့် နစ်နာကြေး မပေးမှုများ၊ သတ်မှတ်ထားသော ပမာဏထက် လျှော့ပေးမှုများ ပြုလုပ်ခဲ့သည်။

Department of Transportation ပို့ဆောင်ရေးဌာနမှ ထုတ်ပြန်ချက်များအရ Spirit Airlines သည် မိမိသဘောဆန္ဒမပါဘဲ လတ်မှတ်အတင်းဖြတ်သိမ်းခံရသည့် ခရီးသည်အရေအတွက် ၁၀၀၀ ကျော်ကို ဥပဒေမဲ့ ဆောင်ရွက်ခဲ့မှုများရှိခဲ့သည်ဟု သိရသည်။

အဆိုပါ စရိတ်သက်သာ လေကြောင်း budget airline Spirit သည် ၎င်းတို့အနေဖြင့် လုပ်ငန်း၏ ဆောင်ရွက်ပုံများကို ပြီးခဲ့သည့် ၂ နှစ်အတွင်း ပြောင်းလဲခဲ့ပြီးဖြစ်သည်ဟု FOX Business ဖြင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

Spirit Airlines ကို ၁၉၈၃ တွင် တည်ထောင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုရှိ စရိတ်အသက်သာဆုံး လေကြောင်းလိုင်းများတွင် တစ်ခုအပါအဝင်ဖြစ်သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics

Source: FOX Business, Spirit Airlines

%d bloggers like this: