ဂျာမန်ကော်ပိုရေးရှင်းကြီး Siemens AG သည် အိန္ဒိယရထားပို့ဆောင်ရေးဝန်ကြီးဌာနအောက်ဖြစ်သော Indian Railways နှင့် လျှပ်စစ်ရထားတွဲထုတ်လုပ်ရေးအတွက် ယူရိုငွေ ၃ ဘီလျံ တန်ကြေးရှိ စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။
ဂျာမန်လုပ်ငန်းအနေဖြင့် အိန္ဒိယအတွက် ကုန်တင် လျှပ်စစ်ရထားခေါင်းတွဲပေါင်း ၁,၂၀၀ ကို ထုတ်လုပ်ပေးသွားမည်ဖြစ်ပြီး ပြုပြင်ထိန်းသိမ်းမှု ပြုလုပ်ပေးမည့် ကာလမှာ ၃၅ နှစ် အထိ ဖြစ်သည်ဟု စာချုပ်တွင် ပါရှိသည်။
ကုမ္ပဏီသည် သဘောတူစာချုပ်တန်ကြေးကြောင့် အိန္ဒိယတွင် ၎င်းရရှိဖူးသော စီမံကိန်းများထဲ တန်ဖိုးအကြီးဆုံး စာချုပ်ဖြစ်လာသည်။
Siemens ၏ လျှပ်စစ်ရထားခေါင်းတွဲမှာ မြင်းကောင်ရေ ၉,၀၀၀ အားရှိပြီး မြန်နှုန်းမှာ ၁ နာရီလျှင် ၁၂၀ ကီလိုမီတာ (၇၅ မိုင်) နှုန်းဖြစ်သည်ဟု သိရသည်။
အဆိုပါ ရထားခေါင်းတွဲများကို အိန္ဒိယတွင် ၁၁ နှစ်ကြာ တပ်ဆင်ထုတ်လုပ်သွားမည်ဖြစ်ပြီး ပထမဆုံး ခေါင်းတွဲအား ၂၄ လ အတွင်း ထုတ်လုပ် လွှဲပြောင်းပေးအပ်မည်ဖြစ်သည်။
Siemens Mobility CEO ဖြစ်သူ မိုက်ကယ် ပီတာ (Michael Peter) က အဆိုပါ လျှပ်စစ်ရထားခေါင်းတွဲများသည် ကုန်တင်ကားအစီးရေ ၅ သိန်းမှ ၈ သိန်း အစား အစားထိုးလုပ်ဆောင်သွားနိုင်မည်ဟု ပြောကြားခဲ့သည်။
အိန္ဒိယသည် ကမ္ဘာ့အကြီးဆုံး ရထားဈေးကွက်ရှိရာ နိုင်ငံဖြစ်ပြီး နိုင်ငံအတွင်း နေ့စဉ် ရထား ၂၂,၀၀၀ ကျော်ကို အသုံးပြုနေကာ ရထားစီးသူဦးရေ နေ့စဉ် ၂၄ သန်းကျော်ရှိနေသည်။
အိန္ဒိယသည် ကပ်ဘေးအတွင်း ရထားတွဲများကို ရွှေ့ပြောင်းနိုင်သော ဆေးရုံများအဖြစ် ပြောင်းလဲ အသုံးပြုခဲ့ခြင်းကြောင့်လည်း အခြားနိုင်ငံများက အသိအမှတ်ပြုခဲ့ကြသည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Economic Times: India Times, World Bank Org, Indian Railways Gov In, Reuters, Live Mint
Image: Siemens Mobility