အိုမီခရွန်ကြောင့် ခရီးစဉ်အချို့ကို ရပ်ဆိုင်းလိုက်ရသည့် Royal Caribbean သင်္ဘောလိုင်း

အပျော်စီး ခရီးသွား သင်္ဘောလိုင်းကြီးဖြစ်သည့် Royal Caribbean သင်္ဘောလိုင်းကြီးသည် ကမ္ဘာတစ်ဝှမ်း မြင့်တက်လာသော အိုမီခရွန် ကူးစက်မှုများကြောင့် လက်ရှိပြေးဆွဲနေသည့် ခရီးစဉ် အချို့ကို ယာယီရပ်နားလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ခရီးစဉ် ရပ်နားလိုက်သည့် သင်္ဘောများမှာ Serenade of the Seas, Jewel of the Seas နှင့် Symphony of the Seas အမည်ရှိ သင်္ဘောကြီး (၃) စီးဖြစ်ပြီး အခြား သင်္ဘောတစ်စီးဖြစ်သည့် Vision of the Seas သင်္ဘောကြီးမှာမူ မူလစတင်ပြေးဆွဲမည့် ရက်အစား မတ်လ ၇ ရက်သို့ ရွေ့ဆိုင်းလိုက်ကြောင်း သိရသည်။

ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဧည့်သည်များ ကာလကြာ စောင့်ဆိုင်းခဲ့ရသည့် ခရီးစဉ်များကို ယခုကဲ့သို့ ရပ်ဆိုင်းလိုက်ရသည့်အတွက် အလွန်အားနာမိကြောင်းနှင့် ယခုကဲ့သို့ ခက်ခဲသည့် ကာလမှာပင် မိမိတို့ သင်္ဘောလိုင်းကို အားပေးကြသည့်အတွက် အလွန်ကျေးဇူးတင် ဝမ်းမြောက်ပါကြောင်း ရေးသားခဲ့သည်။

Royal Caribbean သင်္ဘောလိုင်းသည် ပြီးခဲ့သည့် ဇန်နဝါရီ ၆ရက်နေ့ကလည်း ၎င်းတို့ပိုင် Spectrum of the Sea သင်္ဘောခရီးစဉ်တွင် ပါဝင်ခဲ့သူ ခရီးသည် ကိုးဦးသည် ဟောင်ကောင် အိုမီခရွန် လူနာနှင့် ထိတွေ့ခဲ့သောကြောင့် အရေးပေါ် ရပ်နားမှု ပြုလုပ်ခဲ့ရ ပါသေးသည်။

အဆိုပါ ခရီးသည် ကိုးဦးကို ကနဦး စစ်ဆေးမှုများ ပြလုပ်ပြီးနောက် negative ထွက်ခဲ့သော်လည်း ခရီးစဉ်ကို ဆက်လက်ထွက်ခွာခြင်း မပြုရန် ဆုံးဖြတ်ခဲ့ပြီး ကျန်ခရီးသည်များနှင့် သင်္ဘောဝန်ထမ်းများ အားလုံးကိုလည်း ဇန်နဝါရီ ၈ရက်နေ့တွင် ကိုဗစ် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

Royal Caribbean ကဲ့သို့ပင် အခြား အမေရိကန် အခြေစိုက် အပျော်စီး သင်္ဘောလိုင်းဖြစ်သည့် Norwegian Cruise Line သည်လည်း သင်္ဘောခရီးစဉ် ရှစ်ခုကို ရပ်နားခဲ့ရပြီး ခရီးသည်များ၊ သင်္ဘောဝန်ထမ်းများနှင့် သင်္ဘောရပ်နားရာ ဒေသများ၏ ကျန်းမာရေးသည် အဓိက ဦးစားပေး ဖြစ်ကြောင်း ကုမ္ပဏီ၏ ကြေငြာချက်တွင် ပါရှိသည်။

ထိုကဲ့သို့ အပျော်စီး သင်္ဘောလိုင်းကြီးများ သင်္ဘောခရီးစဉ်အချို့ ဖျက်သိမ်းလိုက်သော်လည်း ဆက်လက်ပြေးဆွဲနေသေးသည့် သင်္ဘောခရီးစဉ်များလည်း ရှိနေသေးပြီး အမေရိကန် ကူးစက်ရောဂါ တာဆီးကာကွယ်ရေးဌာနကတော့ ပြည်သူများအနေဖြင့် အပျော်စီးခရီးစဉ်များ ရှောင်ကြဉ်သင့်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: Reuters, USA Today
Photo: Reuters

Share