Qantas ၏ ဆစ်ဒနီ – လန်ဒန် တိုက်ရိုက်လေကြောင်း ၂၀၂၅ တွင် စနိုင်မည်

ဩစတေးလျလေကြောင်းလိုင်း Qantas သည် လာမည့် ၂၀၂၅ ခုနှစ်၌ ဆစ်ဒနီ-လန်ဒန် နှင့် ဆစ်ဒနီ-နယူးယောက် တိုက်ရိုက်ခရီးစဉ်ရှည်များကို ပျံသန်းမည်ဟု ကတိပြုကြေညာခဲ့သည်။
ဩစတေးလျအမျိုးသားလေကြောင်းလိုင်းကြီးသည် ပြင်သစ်-ဒတ်ချ် ထုတ် Airbus A350-1000 ဂျက်လေယာဉ်များကို ဝယ်ယူထားပြီး ကမ္ဘာပေါ်ရှိ မည်သည့်မြို့ကြီးများသို့မဆို တိုက်ရိုက်ပျံသန်းနိုင်မည်ဟု ဆိုသည်။
ဩစတေးလျ ဆစ်ဒနီမှ ဗြိတိန်ရှိ လန်ဒန်သို့ ခရီးစဉ်သည် ၁၉၄၇ က စတင်ခဲ့ပြီး ထိုစဉ်က အချိန် ၅၈ နာရီ ကြာမြင့်ကာ လမ်းတွင်လည်း ၇ ခါ ဆင်း၍ ရပ်နားရသေးသည်။

“The A350 and Project Sunrise” ဟု အမည်ခေါ်ဆိုထားသည့် ယခုအစီအစဉ်က ဩစတေးလျမှ အခြားမြို့ကြီးများသို့ လေယာဉ် ၁ ခါစီးသာ ကွာဝေးစေတော့မည်ဟု အမှုဆောင်ချုပ် Alan Joyce က ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားထားသည်။

ကန်းတက်စ် (Qantas) အနေဖြင့် ယခုအစီအစဉ်ကို အကောင်အထည်ဖေါ်နေသည်မှာ ၅ နှစ်ခန့် ကြာမြင့်နေပြီဖြစ်ပြီး ကပ်ဘေးအခြေအနေများကြောင့် နှောင့်နှေးခဲ့ရသည်။
၂၀၁၈ ခုနှစ်က လန်ဒန်နှင့် ဩစတေးလျ ၊ ပါ့သ် မြို့သို့ ၁၇ နာရီကြာသည့် တိုက်ရိုက်ခရီးစဉ်ကို စတင်မိတ်ဆက်ခဲ့ဖူးသည်။
ထို့နောက် ၂၀၁၉ တွင် ဩစတေးလျ အရှေ့ပိုင်းကမ်းရိုးတန်းမှ ဗြိတိန်နှင့် နယူးယောက်သို့ စမ်းသပ်ခရီးစဉ်များ ပြေးဆွဲခဲ့သည်။

လေယာဉ်သစ် အော်ဒါများမှာ ၂၀၂၈ တွင် အပြီးသတ်မည်ဖြစ်သော်လည်း ၂၀၂၅ အမီ လေယာဉ် အသစ် ၁၂ စီး ရောက်ရှိလာမည်ဟု သိရသည်။
လေယာဉ် ၁ စီးသည် ခရီးသည် ၂၃၈ ယောက် စီးနိုင်မည်ဖြစ်ပြီး ယခုကဲ့သို့ အချိန်ကြာမြင့်သည့် ခရီးစဉ်အတွက် ထိုင်ခုံများမှာ ပုံမှန်ထက် ကျယ်ကျယ်လွင့်လွင့်ရှိမည်ဟု ကုမ္ပဏီက ထုတ်ပြန်ထားသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: BBC Business, ABC Australia, Qantas
Image: CNN

Share