ကိုရိုနားဗိုင်းရပ်စ်ကပ်ဘေးကာလအတွင်း သြစတေးလျလေကြောင်းလိုင်းကြီးဖြစ်သော Qantas အနေဖြင့် ဝင်ငွေဆုံးရှုံးမှု စုစုပေါင်းမှာ သြစတေးလျ ဒေါ်လာ ၁.၉ ဘီလျံ (ကန်ဒေါ်လာ ၁.၃ ဘီလျံ) ထိ ရှိလာခဲ့သည်ဟု ထုတ်ပြန်ထားအပြီးနောက် ပြီးခဲ့သည့် ကြာသပတေးနေ့က လေကြောင်းလိုင်း၏ စုစုပေါင်းဝန်ထမ်းအရေအတွက်၏ ၂၀% ဖြစ်သော အလုပ်အကိုင်နေရာ ၆၀၀၀ ကို လျှော့ချမည်ဟု ကုမ္ပဏီက ကြေငြာခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်းက သြစတေးလျအစိုးရအနေဖြင့် နိုင်ငံခြားလေကြောင်းခရီးစဉ်များ အဝင်အထွက်ခွင့်ပြုရန်မှာ လာမည့်နှစ်အထိ စောင့်ဆိုင်းရဦးမည်ဖြစ်ကြောင်း ကြေငြာခဲ့ရာ ထိုသတင်းက လေကြောင်းလိုင်းများဆက်လက်ရပ်တည်ရန် ပိုမိုခက်ခဲစေခဲ့သည်။
ကန်းတက်စ် (Qantas) လေကြောင်းသည် ဝန်ထမ်း စုစုပေါင်း ၂၉၀၀၀ ခန့်ရှိရာ ဝန်ထမ်း ၁၅၀၀၀ ခန့်သည့် လစာမဲ့ ရက်ရှည်နားနေခွင့်များ ပေး၍ အလုပ်ရပ်နားထားစေခြင်းလည်း ရှိနေသည်။
ထို့ကြောင့်လည်း Qantas အနေဖြင့် နိုင်ငံတကာခရီးစဉ်များကို အောက်တိုဘာကုန်အထိ ရက်နားထားရပြီး ဝင်ငွေရရှိစေရန် ပျံသန်းခွင့်ပြုသော နယူးဇီလန် တစ်နိုင်ငံတည်းသို့သာ အားထား ပျံသန်းနေရသည်။
နယူးဇီလန် နိုင်ငံမှာလည်း လူဦးရေ ၅ သန်းခန့်သာ ရှိရာ လူဦးရေ ၂၆ သန်းခန့်ရှိသော သြစတေးလျနှင့်ယှဉ်လျှင် ဈေးကွက်အတွင်းရရှိလာမည့် ဝင်ငွေမှာလည်း အနည်းငယ်သာဖြစ်နေဦးမည်ဖြစ်သည်။
ကြာသပတေးနေ့ ထုတ်ပြန်ချက်တွင် လေကြောင်းလိုင်း စီအီးအိုဖြစ်သူ Alan Joyce က ကုမ္ပဏီအနေဖြင့် လာမည့် ၃ နှစ်အတွင်း ဝင်ငွေလျော့နည်းနေဦးမည်ဟု ခန့်မှန်းထားပြီး၊ ထိုအချက်ကြောင့်လည်း လုပ်ငန်းလည်ပတ်မှုကို လျှော့ချရန် ဆုံးဖြတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
Alan က ယခု လုပ်ဆောင်ချက်များကြောင့် ၎င်းတို့၏ ထောင်ပေါင်းများစွာသော ဝန်ထမ်းများအပေါ် အကြီးအကျယ်သက်ရောက်မှုရှိမည်ဖြစ်ပြီး၊ ဝင်ငွေ ဒေါ်လာ ဘီလျံနှင့်ချီ လျော့နည်းလာမှုက ကုမ္ပဏီအတွက် အခြားရွေးချယ်စရာ မရှိတော့ကြောင်း၊ ရေရှည်တွင် အလုပ်အကိုင်များကို တတ်နိုင်သ၍ မဆုံးရှုံးအောင်လုပ်ဆောင်မည်ဖြစ်ကြောင်းများကို ပြောကြားခဲ့သည်။
ဗိုင်းရပ်စ်ကူးစက်မှုပြ ဇယားတွင် သြစတေးလျသည် အခြားနိုင်ငံများထက် သက်သာလာနေခဲ့ပြီး နိုင်ငံတွင်း လေကြောင်းခရီးသွားမှုများကိုလည်း ပြန်လည် ခွင့်ပြုခဲ့ပြီးဖြစ်သည်။
နိုင်ငံ့ပြည်တွင်းလေကြောင်းများအနေဖြင့် အလုံးစုံ မူလအတိုင်း အခြေအနေပြန်ကောင်းရန် ၂၀၂၂ ခုနှစ်အဖြစ် မျှော်မှန်းထားနေသည်။
Qantas အနေဖြင့် လုပ်ငန်းအတွင်းသို့ ရင်းနှီးမြှုပ်နှံမှု သြစတေးလျ ဒေါ်လာ ၁.၉ ဘီလျံ ရရှိရန် မျှော်မှန်းနေပြီး လာမည့် ၁၀ နှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု အသစ်များရရှိကာ ပြန်လည်ကောင်းမွန်သည့် အခြေအနေရရှိရန် အရှိန်မြှင့်လုပ်ဆောင်သွားရန်လည်း စီစဉ်နေသည်။
နိုင်ငံခြားခရီးစဉ်များကို ပျံသန်းမည့် ဘိုးရင်း ၇၄၇ ကဲ့သို့ လေယာဉ်ကြီး အစီး ၁၀၀ ခန့်မှာ မြေပြင်ပေါ်တွင် ၁ နှစ်ခန့် ရပ်နားထားရဖွယ်ရှိနေသည်။
ကုမ္ပဏီသည် လာမည့် ၃ နှစ်အတွင်း သြစတေးလျဒေါ်လာ ၁၅ ဘီလျံ (ကန်ဒေါ်လာ ၁၀ ဘီလျံ) ခန့် အသုံးစရိတ်ချွေတာသွားဖွယ်ရှိနေသည်ဟု စီအန်အန်က ဖေါ်ပြထားသည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics
Source: BBC Business, CNN News, Orio Economics Research
Image: Getty Images