ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် လေကြောင်းလိုင်းများ ရုန်းကန်နေရပြီးနောက် ဂျာမန်လေကြောင်းလိုင်းကြီးဖြစ်သည့် Lufthansa အနေဖြင့် အလုပ်အကိုင်နေရာပေါင်း ၂၂၀၀၀ ကို လျှော့ချတော့မည်ဟု ထုတ်ပြန်ခဲ့သည်။
ကပ်ဘေးကြီးပြီးလျှင် လေကြောင်းလိုင်းအနေဖြင့် လေယာဉ်အစီးရေ ၁၀၀ ခန့် လျော့နည်းသွားနိုင်ပြီး ခရီးသွားအရေအတွက် နဂိုအတိုင်း ပြန်တက်လာရန် နှေးကွေးနေဦးမည်ဟု ခန့်မှန်းထားသည်။
Lufthansa အနေဖြင့် အလုပ်သမားလျှော့ချမှုထဲမှ တဝက်ခန့်သည် ဂျာမဏီနိုင်ငံအတွင်း ဖြစ်ပြီး ယခု ဆုံးဖြတ်ချက်များနှင့်ပါတ်သက်၍ သက်ဆိုင်ရာ သမဂ္ဂ အသီးသီးမှလည်း သဘောတူကြမည်ဟု မျှော်လင့်နေသည်။
အလုပ်ချိန်လျှော့ချနေမှုများအပြင် ကပ်ဘေးသဘောတူညီချက်များကြောင့်လည်း ယခုကဲ့သို့ အလုပ်အကိုင်လျှော့ချခြင်းများကို လျော့နည်းစေရန်သာ မျှော်လင့်နေသည်ဟု ဆိုသည်။
ကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းအတွင်း အလုပ်အကိုင်များ တတ်နိုင်သ၍ တည်မြဲစေရန် ရည်ရွယ်ချက်က အဓိက ဖြစ်ပါသည်ဟု ထုတ်ပြန်ထားသည်။
Lufthansa အနေဖြင့် ကမ္ဘာတဝှမ်းတွင် ဝန်ထမ်းပေါင်း ၁၃၅၀၀၀ ကျော် အလုပ်ပေးထားသည်။
ဝန်ထမ်းစုစုပေါင်း၏ တဝက်ခန့်မှာလည်း ဂျာမဏီနိုင်ငံအတွင်းတွင်ဖြစ်သည်။
အလုပ်သမားရေးရာ ဒါရိုက်တာ Michael Niggemann က ဝန်ထမ်းများ သိသိသာသာမလျှော့လျှင် ကပ်ဘေးအတွင်း ကုန်ကျစရိတ်များ တိုးမြင့်လာမည်ဖြစ်ပြီး ကပ်ဘေးအတွင်းမှ Lufthansa Group ရုန်းထွက်နိုင်ရန် ပိုမိုခက်ခဲသော အခြေအနေများဖြစ်လာနိုင်သည်ဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့် လအတွင်းက အဆိုပါ လေကြောင်းလိုင်းသည် ကုမ္ပဏီလဲပြိုမှုမှကာကွယ်ရန်အတွက် ဂျာမန်အစိုးရထံမှ ယူရို ၉ ဘီလျံ (ပေါင်စတာလင် ၈ ဘီလျံ) အကူအညီယူရန် သဘောတူညီမှု ရရှိထားသည်။
သို့သော်ငြားလည်း အဆိုပါ သဘောတူညီချက်ကို အတည်ပြုရန် ကုမ္ပဏီ၏ ရှယ်ယာပိုင်ရှင်များနှင့် ဥရောပ ကော်မရှင်အဖွဲ့၏ သဘောတူညီချက်များ လိုအပ်နေဆဲဖြစ်သည်။
ပရီမီယံ လေကြောင်းလိုင်းဖြစ်သည့် Lufthansa တွင် အခြား ဈေးနှုန်းသက်သာသောဈေးကွက်အတွက် တည်ထောင်ထားသော ဘတ်ဂျတ်လေကြောင်းလိုင်း Germanwings လည်း ရှိသေးပြီး အဆိုပါ ဘတ်ဂျတ်လိုင်းသည် ပြီးခဲ့သည့် ဧပြီလတွင် ပိတ်သိမ်းခဲ့ရသည်။
ကိုဗစ်မတိုင်မီအခြေအနေသို့ ပြန်ရောက်ရန် ကြာမြင့်မည်ဟု ခန့်မှန်းထားချက်များအရ အခြားလေကြောင်းလိုင်းများသည်လည်း အလုပ်အကိုင်အရေအတွက်များ လျှော့ချခဲ့သည်။
ဗြိတိန် British Airways သည် အလုပ်အကိုင် ၁၂၀၀၀ ခန့် လျှော့ချရန် စီစဉ်နေပြီး ထိုအထဲမှ ၁၀၀၀ ကျော်သည် လေယာဉ်ပိုင်းလော့ နေရာများဖြစ်သည်။
(ပြီးခဲ့သည့် ရက်များအတွင်း ထုတ်ပြန်ခဲ့သော အင်္ဂလန်ဗဟိုဘဏ်မှ ချေးငွေရရှိသော လုပ်ငန်းကြီး ၅၃ ခု တွင် BA (British Airways) လည်း ပါဝင်ပြီး စီစဉ်ထားသည့် ၁၂၀၀၀ ထဲမှ အလုပ်အကိုင် ၃၀၀၀ သာ လျှော့ချတော့မည်ဟုလည်း ကြေငြာထားသည်။)
ဘတ်ဂျတ်လေကြောင်းလိုင်းဖြစ်သည့် Ryanair သည် အလုပ်အကိုင် ၃၀၀၀ ခန့် လျှော့ချမည်ဖြစ်ပြီး ထိုအရေအတွက် ဝန်ထမ်းစုစုပေါင်း၏ ၁၅% ရှိမည်ဖြစ်သည်။
EasyJet သည်လည်း ဝန်ထမ်းအရေအတွက်၏ ၃၀% ဖြစ်သော အလုပ်အကိုင်ပေါင်း ၄၅၀၀ လျှော့ချသွားမည်ဟု သိရသည်။
Richard Branson ၏ Virgin Atlantic သည်လည်း အလုပ်အကိုင်နေရာ ၃၀၀၀ လျှော့ချမည်ဖြစ်သည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics
Source: BBC Business, The Guardian, CNN News, Image: TravelAndyNews