0

အိန္ဒိယအကြီးဆုံးလေကြောင်း IndiGo ဝန်ထမ်း ၁၀% လျှော့ချမည်

Share

အိန္ဒိယနိုင်ငံ၏ အကြီးဆုံး လေကြောင်းလိုင်းကြီးဖြစ်သော IndiGo သည် ကိုဗစ်-၁၉ ကြောင့် ဝန်ထမ်းလျှော့ချမည့် နောက်ထပ် လေကြောင်းလိုင်းကြီးတစ်ခု ဖြစ်လာခဲ့သည်။

ပြီးခဲ့သည့် လက အဆိုပါလေကြောင်းလိုင်းအနေဖြင့် ကုန်ကျစရိတ် အိန္ဒိယရူပီး ၄၀ ဘီလျံ (ဒေါ်လာ ၅၃၃သန်း သို့မဟုတ် ပေါင်စတာလင် သန်း ၄၂၀) ခန့် လျှော့ချခဲ့ရသည်ဟု ထုတ်ပြန်ခဲ့သည်။

၆ လကျော်မျှ ကိုရိုနာဗိုင်းရပ်စ်၏ ရိုက်ခတ်မှုဒဏ်ကို ကြံ့ကြံ့ခိုင်နိုင်ရန် ကြိုးစားခဲ့သော်လည်း ယခုအခါတွင် ဝန်ထမ်းအရေအတွက်၏ ၁၀% ခန့်ကို လျှော့ချတော့မည်ဟု သိရသည်။

ကိုဗစ်-၁၉ ကြောင့် ကမ္ဘာအရပ်ရပ်ရှိ ခရီးသွားလုပ်ငန်းများ စီးပွားအထိအခိုက်အများဆုံးဖြစ်နေခဲ့သလို လေကြောင်း ကုမ္ပဏီများလည်း အဆိုးရွားဆုံး အခြေအနေကို ရင်ဆိုင်နေရသည်။

IndiGo ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ရိုနိုဂျွိုင် ဒူတာ (Ronojoy Dutta) က ” ကျွန်တော်တို့ကုမ္ပဏီအတွက် အချို့သော စတေးမှုတွေ မလုပ်ဘူးဆိုရင် အခု ရင်ဆိုင်နေရတဲ့ စီးပွားရေး မုန်တိုင်းကြီးရဲ့ဒဏ်ကို ကျော်ဖြတ်ပြီး လုပ်ငန်းဆက်လည်ပတ်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ” ဟု ပြောကြားခဲ့သည်။

အိန္ဒိယတွင် ကိုဗစ်-၁၉ နှင့်ပါတ်သက်သော စည်းမျဉ်းများ တင်းကြပ်စွာ ချမှတ်သည့် ကာလမှစ၍ လေယာဉ်များအားလုံးကို ရပ်နားထားခဲ့ရကာ ကုမ္ပဏီတွင် ဝန်ထမ်း ၂၄၀၀၀ ခန့်ရှိရာ ယခု ကြေငြာချက် ထုတ်အပြီးတွင် အလုပ်အကိုင်နေရာ ၂၄၀၀ မှာ အလုပ်မှ ရပ်နားခံရမည့် လမ်းကြောင်းပေါ် ရောက်ရှိခဲ့ပြီဖြစ်သည်။

ပြီးခဲ့သည့် လက နောက်ဆုံးခန့်မှန်းချက် အနေဖြင့် နိုင်ငံတကာလေကြောင်းပို့ဆောင်ရေး အသင်း (IATA) က ကမ္ဘာတဝှမ်းရှိ လေကြောင်းကုမ္ပဏီများအနေဖြင့် ယခုနှစ်တွင် ဝင်ငွေ အားဖြင့် စုစုပေါင်း ဒေါ်လာ ၄၁၉ ဘီလျံ ခန့် ဆုံးရှုံးနိုင်ကြောင်း သတိပေးထားသည်။

ပြီးခဲ့သည့် အပတ်ကလည်း ဗြိတိန်လေကြောင်းကုမ္ပဏီကြီးဖြစ်သော British Airways က ၎င်း၏ နာမည်ကျော် ဘိုးရင်း ၇၄၇ လေယာဉ်ကြီးများ အားလုံးကို အနားပေးတော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

British Airways ၏ ဘိုးရင်း ၇၄၇ လေယာဉ်အရေအတွက်သည်လည်း ကုမ္ပဏီပိုင် လေယာဉ် အစီးရေ စုစုပေါင်း၏ ၁၀% ရှိသည်။

သြစတေးလျ လေကြောင်း Qantas ပိုင် ဘိုးရင်း ၇၄၇ လေယာဉ်သည်လည်း ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ကယ်လီဖိုးနီးယားသို့ ပျံသန်းသွားခဲ့ပြီး ၎င်းလေယာဉ်ကို ကယ်လီဖိုးနီးယားတွင် သိမ်းဆည်းထားတော့မည်ဖြစ်သည်။

ဩစတေးလျ၏ Qantas သည် ဘိုးရင်းလေယာဉ်ကိုသာမက အခြား Airbus ထုတ် A380 super jumbos များကိုလည်း Mojave ကန္တာရထဲတွင် ၂၀၂၃ ခုနှစ်ထိ သိမ်းဆည်းထားတော့မည်ဟု ဆိုသည်။

ကန်းတက်စ် (Qantas) လေကြောင်းလိုင်းသည် ယခုနှစ်အတွင်း အလုပ်အကိုင် ၆၀၀၀ လျှော့ချခဲ့ပြီးဖြစ်သလို လာမည့်နှစ်ကုန်တွင်လည်း နောက်ထပ် အလုပ်အကိုင် ၁၅၀၀၀ ခန့်ကို လစာမဲ့ခွင့်ယူစေကာ ရပ်နားစေဦးမည့် အလားအလာရှိနေသည်။

ပြီးခဲ့သည့် သီတင်းပတ်က သြစတေးလျနှင့် အနီးဆုံး နယူးဇီလန် ခရီးစဉ်များမှလွဲ၍ ကျန်သည့် နိုင်ငံတကာခရီးစဉ်အားလုံးကို လာမည့် ၂၀၂၁ မတ်လကုန်ထိ ဖျက်သိမ်းကြောင်း ကြေညာထားသည်။

 

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: BBC Business, Airbus, The Indian Express

Image: The Quint

 

%d bloggers like this: