အီသီယိုးပီးယားအစိုးရပိုင်လေကြောင်းလိုင်းဖြစ်သော Ethiopian Airlines က Boeing 737 MAX လေယာဉ်ကြီးများ၏ စိတ်ချရမှုအခြေအနေကို ကျေနပ်မှုရှိသည်ဟုပြောကြားပြီးနောက် အဆိုပါလေယာဉ်များကို အသုံးပြု၍ လာမည့် ၂၀၂၂ ဖေဖေါ်ဝါရီတွင် ပြန်လည်ပျံသန်းမှု စတင်တော့မည်ဟု ကြေညာခဲ့သည်။
ဘိုးရင်း 737 MAX လေယာဉ်များသည် ၂၀၁၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သော လူအများအပြားသေစေခဲ့သည့် ပျက်ကျမှု ၂ ခု အပြီး နိုင်ငံအများအပြားက အသုံးပြုခွင့်မပေးသောကြောင့် ရပ်နားခဲ့ရသည်။
ထို့နောက် အမေရိကန်ပြည်ထောင်စုလေကြောင်းစီမံအုပ်ချုပ်ရေး – FAA ထံ ခွင့်ပြုချက်တောင်းခံကာ စစ်ဆေးမှုနှင့် ပြင်ဆင်မှုများ အကြိမ်ကြိမ်ပြုလုပ်ပြီးနောက် ပျံသန်းရန်ပြန်လည်ခွင့်ပြုချက် ရရှိခဲ့သည်။
ယခုအခါတွင် Boeing 737 MAX အား ပြန်လည်ခွင့်ပြုသည့် နိုင်ငံများထဲတွင် တရုတ်၊ ဩစတေးလျ၊ ဘရာဇီး၊ ကနေဒါ၊ ဥရောပ၊ အင်ဒိုနီးရှား၊ ဂျပန်၊ စင်ကာပူနှင့် အာရပ်စော်ဘွားပြည်ထောင်စုတို့ ပါဝင်လာပြီဖြစ်သည်။
လေကြောင်းလိုင်း၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Tewolde Gebremariam က “ဘေးကင်းလုံခြုံမှုဟာ ကျွန်တော်တို့ရဲ့ အလေးအထားဆုံးအရာပဲဖြစ်ပါတယ်။ ဒါကပဲ ကျွန်တော်တို့ ဆုံးဖြတ်ချက်တွေ၊ ဆောင်ရွက်ချက်တွေ ချမှတ်ရာမှာ လမ်းပြပေးတာပါ” ဟု ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ရေးသားဖေါ်ပြခဲ့သည်။
ကုမ္ပဏီသည် ဘိုးရင်းလေယာဉ်၏ ဒီဇိုင်းပိုင်းတိုးတက်မှုများ၊ ပြန်လည်စစ်ဆေးမှုများကို လေယာဉ်မှူး၊ အင်ဂျင်နီယာ၊ လေကြောင်းနည်းပညာရှင်များနှင့် လ ၂၀ ကျော်ကြား စစ်ဆေးမှုပြုလုပ်ခဲ့သည်ဟု ဆိုပြီး လေယာဉ်မောင်မယ်များသည်လည်း ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်၍ ယုံကြည်မှု ရှိနေသည်ဟု ထုတ်ပြန်ထားသည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: NBC News, Reuters, Ethiopian Airlines
Image: NBC