အမေရိကန် လေကြောင်းလိုင်းကြီးဖြစ်သော Delta Airlines အနေဖြင့် ၎င်း၏ လေယာဉ်မှူး ၂၅၀၀ ကျော် ခန့်ကို လစာမဲ့ ခွင့်များပေး၍ ရပ်နားစေမည်ဖြစ်ကြောင်း သတိပေးစာများ ပေးပို့ရန် စီစဉ်နေသည်ဟု သိရသည်။
လေကြောင်းလိုင်းဆိုင်ရာ အလုပ်သမား သမဂ္ဂနှင့် အဆိုပါလေကြောင်းတို့ကြား လေယာဉ်မှူးပေါင်း ၁၄၀၀၀ ကျော် စောစီးစွာ အငြိမ်းစားယူရန် သဘောတူညီမှု ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်မှုများ ပိုမိုများပြားလာရာ နောက်ထပ်ဆုံးဖြတ်ချက်အသစ်များ ချမှတ်ရန် လိုအပ်လာခဲ့သည်။
ဒယ်တာလေကြောင်းလိုင်း၏ ပျံသန်းရေးလုပ်ငန်းပိုင်း ဒုဥက္ကဌဖြစ်သူ John Laughter က ၎င်းတို့အနေဖြင့် ယခင်ပြောဆိုခဲ့ကြသည့် အငြိမ်းစားယူမှု ကိစ္စတစ်ခုတည်းက မလုံလောက်တော့ကြောင်း၊ ထို့ကြောင့် လေယာဉ်မှူးများကိုလည်း လစာမဲ့ခွင့်များယူစေကာ အလုပ်မှ ယာယီ နားနေစေမှုများ ပြုလုပ်ရန် ပြင်ဆင်ခဲ့ရသည်ဟု ဆိုသည်။
သို့သော်လည်း မည်သည့်အချိန်မှ လစာပြန်ရမည်နှင့် လုပ်ငန်းခွင့် ပြန်ဝင်ရောက်ရမည်ဟူသော အချက်သည် မရေရာ မသေချာ သေးပဲရှိနေသေးသည်။
သူက မကြာသေးမီအတောအတွင်း ခရီးသွားများ ပြန်လည် သွားလာလျက်ရှိသော်လည်း လက်မှတ်ဝယ်လိုအားမှာ လျော့နည်းနေဆဲဖြစ်သည်ဟု ပြောကြားခဲ့သည်။
လေယာဉ်မှူးများအနေဖြင့် မိမိသဘောဆန္ဒဖြင့် စောစီးစွာအနားယူရန် လာမည့်လမှ စတင်၍ သြဂုတ်လ ၄ ရက်နေ့ မတိုင်မီထိ လျှောက်ထားနိုင်သည်။
လေယာဉ်မှူးပေါင်း ၇၉၀၀ ခန့်က စောစီးစွာ အနားယူရန် ဖြစ်နိုင်သည်ဟု John Laughter က ပြောကြားခဲ့သည်။
ကပ်ဘေးကြောင့် လေကြောင်းလိုင်းများ အားလုံး လစာငွေ ပေးချေမှုများကို တတ်နိုင်သမျှ လျှော့ချနေပြီး ခရီးသည်များမှာလည်း အိမ်မှ ထွက်ရန် အစီအစဉ်မရှိသောကြောင့် ဝင်ငွေပြန်ကောင်းလာရန်မှာ မဖြစ်နိုင်သေးချေ။
လေကြောင်းလိုင်းများ၏ အနာဂတ်မှာ မှုန်ဝါးလျက်ရှိပြီး ဧပြီလတွင် ဆယ်စုနှစ် ၅ စု အတွင်း အနိမ့်ဆုံး အနေအထားသို့ ရောက်ရှိလာပြီဖြစ်သည်။
ဒယ်တာလေကြောင်း၏ စီအီးအိုဖြစ်သူ Ed Bastian က ခရီးစဉ်များ ပြန်စရန် အားပေးသည့် ကိစ္စများ ပြုလုပ်နေသော်လည်း ၎င်းတို့အနေဖြင့် စုစုပေါင်း ဝယ်လိုအားသည် ယခု နွေတွင် ပြီးခဲ့သည့် ကာလတူ၏ ၂၅% ခန့်သာ ရှိနေမည်ဖြစ်သည်ဟု ဆိုသည်။
မိမိ သဘောဆန္ဒအလျောက် စောစီးစွာ အနားယူမည့် လေယာဉ်မှူးများကို ၁ လလျှင် အလုပ်ချိန် ၅၈ နာရီစာ လုပ်ခ (၁ ရက်လျှင် ၂ နာရီစာ လုပ်ခ) ကို အသက် ၆၅ နှစ် ရောက်သည်အထိပေးအပ်သွားမည် သို့မဟုတ် နောက်ထပ် ၃၆ လ ခန့်ထိ ထိုကဲ့သို့ လုပ်ခပေးအပ်သွားမည်ဟု ကြေငြာထားသည်။
လေကြောင်းလိုင်းကို အမေရိကန်အစိုးရမှ ထောက်ပံ့ချေးငွေ ၂၅ ဘီလျံ ပေးမည့် အစီအစဉ်ရှိခဲ့ရာ ယင်းသဘောတူညီချက်တွင် လေကြောင်းလိုင်းမှ ဝန်ထမ်းများကို အလုပ်ဖြုတ်ခြင်း၊ လစာငွေ လျှော့ချခြင်းများကို စက်တင်ဘာ ၃၀ ထိမပြုလုပ်ရန် ဆိုသောအချက်လည်း ပါဝင်ခဲ့သည်။
လေယာဉ်မောင်မယ်များ၊ လေယာဉ်မှူးများ၊ စက်ပြင်များ အပါအဝင် အခြား ဆက်စပ် လေကြောင်းဝန်ထမ်းများကို ကိုယ်စားပြုသော အလုပ်သမားသမဂ္ဂသည် နောက်ထပ် ထောက်ပံ့ငွေများ ဆက်လက်ကူညီရန် လွှတ်တော်သို့ တင်ပြထားသည်ဟု သိရသည်။
၎င်းတို့ တင်ပြချက်တွင် လာမည့် ၂၀၂၁ ခုနှစ် မတ်လတိုင်အောင် အလုပ်များ တည်မြဲနေစေရန် ဘီလျံနှင့် ချီသော အကူအညီများ ပေးအပ်ရန် ပါဝင်သည်ဟု သိရသည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: CNBC Business, New York Times, Orio Economics Research
Photo: Elijah Nouvelage | Reuters