လူပေါင်း ၃၄၆ ဦး သေဆုံးစေခဲ့သော လေယာဉ်ပျက်ကျမှု ၂ ခု အပြီး ၂၀၁၉ ခုနှစ် မတ်လ ကတည်းက ဘိုးရင်း ၇၃၇ Max အမျိုးအစား လေယာဉ်ကြီးများကို ပျံသန်းခြင်းမရှိတော့ပဲ ရပ်တန့်ထားခဲ့ရသည်။
ပထမပျက်ကျမှုသည် ၂၀၁၈ ခုနှစ် အောက်တိုဘာလ အင်ဒိုနီးရှားတွင် ဖြစ်ခဲ့ပြီး ဒုတိယပျက်ကျမှုမှာလည်း ၅ လသာ ခြားကာ အီသီယိုးပီးယား၌ ၂၀၁၉ မတ်လတွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဖြစ်ရပ်များအပြီး နိုင်ငံအသီးသီးရှိ လေကြောင်းလိုင်းများမှလည်း ဘိုရင်း ၇၃၇ လေယာဉ်အမှာစာများအား ဖျက်သိမ်းမှုများရှိခဲ့သည်။
ပြီးခဲ့သည့် မတ်လတွင်လည်း ဘိုးရင်း ၇၃၇ အား ဝယ်ယူရန်အမှာစာရရှိပြီးနောက် ပြန်လည်ဖျက်သိမ်းမှုရှိသည့် အစီးရေပေါင်း ၁၅၀ ထိရောက်ရှိခဲ့သည်။
စီးပွားရေးအရ အကြပ်အတည်းတွေ့ရလျက်ရှိသော ဘိုးရင်းအနေဖြင့် ၂၀၁၉ အကုန် ၂၀၂၀ ကာလတွင်လည်း ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး ထပ်မံဖြစ်ပွားခဲ့သည့် အတွက် အဆိုပါ လေယာဉ်တည်ဆောက်ရေးလုပ်ငန်းခွင်အား ရပ်တန့်ထားခဲ့ရသည်။
သို့သော်လည်း ဘိုရင်းအနေဖြင့် 737 Max များ ပြန်လည်ထုတ်လုပ်ရေးကို မေလအကုန်တွင် ပြန်လည် စတင်ခဲ့ပြီး ဘေးအန္တရာယ်ကင်းရှင်းရေး စစ်ဆေးမှုများ ပြုလုပ်ရန် နှင့် ခွင့်ပြုချက်ရပါက ပြန်လည် ပျံသန်းခွင့်ရရန် ကြိုးစားခဲ့သည်။
အမေရိကန် ပြည်ထောင်စု၏ FAA (Federal Aviation Administration) လေကြောင်းအုပ်ချုပ်ရေးဌာနထံမှ ခွင့်ပြုချက်ရရန် လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုအခါတွင် FAA က ပျံသန်းခွင့်ပြုရန် အသေးစိတ်အချက်အလက်များပါသော စာရွက်စာတမ်းများ တောင်းဆိုသည့် အဆင့်သို့ရောက်ရှိလာပြီဖြစ်သည်။
ထို့ကြောင့် ဘိုရင်း ကုမ္ပဏီအနေဖြင့် ၎င်း၏ 737 Max များအား လာမည့်နှစ် အစောပိုင်းတွင် လေထုထဲသို့ ပြန်လည်ရောက်ရှိရန် မျှော်လင့်နိုင်ပြီဖြစ်သည်။
တနင်္လာနေ့က ထုတ်ပြန်ခဲ့သော FAA ၏ ကြေညာချက်များတွင် ဘိုးရင်းသည် ပျက်ကျခဲ့မှု ၂ ခုအတွက် လုံလောက်သော ဖြေရှင်းချက်များနှင့် ပြောင်းလဲချက်များ ပြုလုပ်ပြီးပြီဖြစ်ကြောင်း ပါရှိခဲ့သည်။
ပြောင်းလဲချက်များ ပြုလုပ်ထားသော ဒီဇိုင်းကို လေကြောင်းလိုင်းများသို့ ရောင်းချပြီး လေယာဉ်များတွင်လည်း ပြန်လည် ပြုပြင်ပေးရမည်ဖြစ်ပြီး အသစ်ထပ်မံတည်ဆောက်မည့် ယာဉ်များတွင်လည်း ပါဝင်လာမည်ဖြစ်သည်။
ဘိုရင်းကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ်က “ကျွန်တော်တို့အနေနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ FAA နဲ့ အခြား ကမ္ဘာတဝှမ်းက လေကြောင်းအုပ်ချုပ်ရေး အဖွဲ့အစည်းတွေအားလုံးနဲ့ရော ပြန်လည်ပျံသန်းနိုင်ဖို့ ပူးပေါင်း လုပ်ဆောင်တာတွေ၊ လုံခြုံဘေးကင်းရေးအတွက် စစ်ဆေးတာတွေ လုပ်နေပါတယ်။ လုပ်စရာတွေ အများကြီးရှိနေသေးပေမယ့် ဒီလို ပြန်လည် ပျံသန်းခွင့် လက်မှတ်ရဖို့ဆိုတာက အရေးကြီးတဲ့ လုပ်ငန်းစဉ် တစ်ခုဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ဘိုးရင်းအနေဖြင့် ပျံသန်းခွင့်ရရန် တရားဝင် ထုတ်ပြန်ချက် ထွက်ရှိလာသည်အထိ စောင့်ရမည်ဖြစ်သည်။
အိုင်ယာလန်၊ စပိန်နှင့် ဗြိတိန်တို့မှ ထိပ်သီးလေကြောင်းလိုင်းများ စုစည်းထားသော IAG (International Airlines Group) တွင် British
Airways, Vueling, Level စသည်တို့ပါဝင်နေပြီး ဘိုးရင်းမှ လေယာဉ် အစီး ၂၀၀ မှာယူမည်ဟူသော သတင်းကောင်းများလည်းထွက်ပေါ်လာပြီဖြစ်သည်။
IAG အုပ်စုမှ ၎င်းတို့၏ သဘောထားကို ပြီးခဲ့သည့် ပဲရစ် လေကြောင်းပြပွဲတွင် လေမှတ်ရေးထိုး စာထုတ်ပြန်၍ အသိပေးခဲ့ခြင်းဖြစ်သည်။
IAG အုပ်စုမှ အမှုဆောင်အရာရှိချုပ် ဝီလီ ဝဲလ်ရှ် (Willie Walsh) က “ကျွန်တော်တို့ အနေနဲ့ ဘိုးရင်းနဲ့ပါတ်သက်ပြီး ယုံကြည်မှု အပြည့်ရှိပါတယ်။ သူတို့ကုမ္ပဏီအနေနဲ့ လာမယ့် လတွေအတွင်းမှာ အုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ရယူပြီး ဝန်ဆောင်မှုတွေ ပြန်ပေးနိုင်မယ်လို့လည်း မျှော်လင့်ထားပါတယ်” ဟု ပြောကြားခဲ့သည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: BBC Business, CNBC Business, IAG, CNet, FAA
Image: samchui