ကိုယ်ထည်ကြီးမားသော ဘိုးရင်း ၇၄၇-၄၀၀ လေယာဉ်အမျိုးအစားများကို အများဆုံးပိုင်ဆိုင်သည့် British Airways သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျဆင်းခဲ့သော ခရီးသွားလုပ်ငန်းဒဏ်ကို ခုခံနိုင်ရန် ၎င်းလေယာဉ်ကြီးများကို ရပ်နားတော့မည်ဟု ကြေငြာခဲ့သည်။
ဗြိတိသျှ လေကြောင်း (British Airways) တွင် အဆိုပါလေယာဉ်ကြီးပေါင်း ၃၁ စီး ပိုင်ဆိုင်ထားပြီး ယာဉ် ၁စီးတွင် ခရီးသည် ၃၄၅ ယောက် စီးနင်းလိုက်ပါနိုင်သည်။
ထိုလေယာဉ်ကြီးများ ပျံသန်းခဲ့သည့် ခရီးစဉ်များတွင် ဘေဂျင်း၊ နယူးယောက်၊ ဆန်ဖရန် စစ္စကို၊ ကိပ်တောင်း နှင့် လာဂို့စ် ကဲ့သို့ မြို့များပါဝင်ပြီး ကိုဗစ်-၁၉ က ၎င်းတို့ကို အပြီးတိုင်ရပ်နားစေခဲ့ပြီဖြစ်သည်။
British Airwasys တွင် ရှိသော လေယာဉ်အစီးရေ စုစုပေါင်း ၁၀% သည် Boeing 747 Jumbo Jets များ ဖြစ်ကြသည်။
ကပ်ဘေးကြီးသည် ကမ္ဘာတဝှမ်းရှိ လေကြောင်းခရီးသွားကဏ္ဍကို အဆိုးရွားဆုံးထိခိုက်စေခဲ့ပြီး အစိုးရများမှလည်း လေကြောင်းခရီးသွားများမှ ရောဂါပိုးကူးစက်မည့် အန္တရာယ်ကို လျှော့ချရန် ကန့်သတ်ထားခဲ့သည်။
ဗြိတိန်လေကြောင်းအနေဖြင့် ၎င်းတို့ပိုင် လေယာဉ်များထဲမှ မည်သည့် အရွယ်အစားသည်သာ လုပ်ငန်းလည်ပတ်ရန် လိုအပ်မည်ဖြစ်ကြောင်းကို ဆန်းစစ်လျက်ရှိသည်။
ဘိုးရင်း ၇၄၇-၄၀၀ ဂျက်လေယာဉ်ကြီးများသည် “Queen Of The Skies” ဟု တင်စားခေါ်ဝေါ်ခြင်းခံခဲ့ရသည့် ယာဉ်ကြီးများဖြစ်ပြီး ၎င်းတို့ကိုရပ်နားခဲ့ရခြင်းမှာ ဝမ်းနည်းဖွယ်ကိစ္စဖြစ်ကြောင်း BA မှ ပြောရေးဆိုခွင့်ရှိသူပုဂ္ဂိုလ်က ဘီဘီစီသို့ ပြောကြားခဲ့သည်။
ဘိုရင်း ၇၄၇ လေယာဉ်ကြီးများကို ရပ်နားခဲ့ရခြင်းမှာ ကိုဗစ်ကပ်ဘေးကြောင့်ဖြစ်သည့် အပြင် ကုမ္ပဏီအနေဖြင့် ထိန်းသိမ်းစရိတ်၊ ပြင်ဆင်စရိတ်ကြီးမားသော၊ လောင်စာဆီသုံးစွဲမှုပမာဏမြင့်သော အကြောင်းရင်းများလည်း ရှိခဲ့သည်။
British Airways အနေဖြင့် ယခုအခါ လောင်စာဆီပိုင်းတွင် ပိုမို တွက်ချေကိုက်သော Airbus A350 များ နှင့် ဘိုးရင်း ၇၈၇ Dreamliners အမျိုးအစားများကို ပိုမိုအသုံးပြုသွားဖွယ်ရှိနေသည်။
British Airways သည် ခရီးသွားလုပ်ငန်းနယ်ပယ်များ ရပ်တန့်လိုက်ရခြင်း အကျိုးဆက်အနေဖြင့် ၎င်း၏ ဝန်ထမ်းရာနှင့်ချီသော အရေအတွက်ကိုလည်း လျှော့ချခဲ့ပြီးဖြစ်သည်။
လာမည့် လများတွင်လည်း ၎င်း၏ ဝန်ထမ်း ၃၀% ခန့်ဖြစ်သော အလုပ်အကိုင်အရေအတွက် ၁၂၀၀၀ ကို လျှော့ချရန် စီစဉ်နေမှုကြောင့် ဝေဖန်မှုကို ခံနေရသည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Bloomberg Business, BBC Business
Image: Bloomberg: Photographer: Simon Dawson