0

Air India က လေယာဉ်အစီးရေ ၄၇၀ ဝယ်ယူမည်

Share

အိန္ဒိယလေကြောင်းလိုင်း Air India က လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီကြီးများဖြစ်သည့် Boeing နှင့် Airbus တို့ထံမှ လေယာဉ်အစီးရေ စုစုပေါင်း ၄၇၀ ဝယ်ယူတော့မည်ဖြစ်သည်။
ကမ္ဘာ့အကြီးဆုံးလေယာဉ်အမြောက်အများဝယ်ယူမှုစာချုပ် ၁ ခု ဖြစ်လာမည့် သဘောတူညီချက်အတွက် လပေါင်းများစွာ လျှို့ဝှက်ညိနှိုင်းမှုများပြုလုပ်ခဲ့ပြီး အောင်ပွဲခံမှုကို လန်ဒန်၊ ဘက်ကင်ဟမ်နန်းတော်အနီး အိန္ဒိယဟင်းလျာများဖြင့် ပြုလုပ်ခဲ့ကြသည်။

ပြီးခဲ့သည့်နှစ်ကမှ အများပိုင်အဖြစ်မှ Tata အုပ်စုပိုင်အဖြစ် ပြန်လည်ရယူနိုင်ခဲ့သော Air India လေကြောင်းလိုင်းသည် G20 နိုင်ငံများ၏ သံတမန်ရေးရာကူညီမှုများနှင့်အတူ ယခုသဘောတူညီချက်အား အင်္ဂါနေ့က အများပြည်သူသို့ အသိပေးခဲ့သည်။
ဥရောပအခြေစိုက် လေယာဉ်ထုတ်လုပ်ရေး Airbus ထံမှ A350 အစီး ၄၀၊ A320neo အစီးရေ ၁၄၀ နှင့် A321neo အစီးရေ ၇၀ ဝယ်ယူမည်ဖြစ်ကာ အမေရိကန်လေယာဉ်ထုတ်လုပ်ရေး Boeing ထံမှ 737 Max အစီးရေ ၁၉၀၊ 787 ၂၀ စီး၊ 777X ၁၀ စီး စသည့် ဂျက်လေယာဉ်ကြီးများကို ဝယ်ယူမည်ဖြစ်သည်။

အမေရိကန်ဘိုးရင်းထံမှ နောက်ထပ် ဂျက်လေယာဉ် အစီး ၇၀ ဝယ်ယူခွင့်ကိုပါ ထည့်သွင်းချုပ်ဆိုခဲ့ခြင်းကြောင့် အမှန်တကယ်တမ်းတွင် လေယာဉ်စုစုပေါင်း ၅၄၀ စီး ဝယ်ယူသည်ဟုလည်း ဆိုနိုင်သည်။

လက်ရှိတွင် လေယာဉ်များကို ဝယ်ယူသူ Air India နှင့် ရောင်းချသူ Boeing, Airbus တို့ အားလုံးက တန်ဖိုးများကို ဖွင့်ထုတ်ပြောကြားချင်းမရှိဘဲ ဈေးကွက်ကျွမ်းကျင်သူများ၏ ခန့်မှန်းတွက်ချက်မှုများသာ ထွက်ပေါ်နေသေးသည်။
အမေရိကန် Boeing ကုမ္ပဏီ၏ ဈေးများအတိုင်းသာဖြစ်ပါက ၎င်းထံမှ အစီးရေ ၂၂၀ သည် ဒေါ်လာ ၃၄ ဘီလျံဖိုး အထိ ရှိနေပြီး လေကြောင်းလိုင်းများသည် အမြောက်အများဝယ်ယူမှုအတွက် ၅၀% အထိ လျှော့ဈေးရလေ့ရှိသည်ဟုဆိုသည်။
ဈေးထက်ဝက်လျှော့ပေးရလျှင်ပင် ယခုဝယ်ယူမှုသည် အမေရိကန်လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ၏ သမိုင်းတလျှောက် တတိယအကြီးဆုံးစာချုပ်ဖြစ်နေဆဲဟုသိရသည်။

အိန္ဒိယလေကြောင်း Air India ၏ ယခုခြေလှမ်းတွင် စီးပွားရေးအင်အားကြီး G20 နိုင်ငံများ၏ သံရေးရာ နိုင်ငံရေးအရပါဝင်ပတ်သက်မှုများရှိနေသလို အကျိုးအမြတ်အကြီးအကျယ် ဖြစ်ထွန်းသူများထဲတွင် Boeing နှင့် Airbus တို့ထံ လေယာဉ်အင်ဂျင်များကို ထုတ်လုပ်ရောင်းချပေးသည့် GE ၊ Rolls-Royce နှင့် Pratt & Whitney ကုမ္ပဏီကြီးများနှင့် Safran Aircraft Engines နှင့် GE (General Electric) တို့ ပူးပေါင်းထားသည့် ဖက်စပ်ကုမ္ပဏီ CFM International တို့လည်း ပါဝင်သည်ဟု သိရသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Financial Times, SPS Aviation, Fortune India, Reuters Business, The Times UK, London South East UK
Image: The Independent UK

%d bloggers like this: