0

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွေ့ဆိုင်းခဲ့ရတဲ့ ၂၀၂၀ တိုကျိုအိုလံပစ် ပြန်လည်ကျင်းပမဲ့ ရက်ကြေငြာ

Share

          ဒီနှစ် ဇူလိုင် ၂၄ရက်နေ့မှာ ဖွင့်ပွဲလုပ်ပြီး ကျင်းပဖို့ ရည်ရွယ်ထားတဲ့ ၂၀၂၀ တိုကျိုအိုလံပစ်ပွဲတော်ဟာ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနေမှုကြောင့် ပြီးခဲ့တဲ့အပတ် အင်္ဂါနေ့မှာ ရွေ့ဆိုင်းကြောင်းကြေငြာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက ဘယ်ရက်မှာ ပြန်ကျင်းပမှာလဲဆိုတာကိုတော့ အတည်မပြုသွားပါဘူး။ မနေ့က (၃၀-၀၃-၂၀၂၀) ညနေမှာတော့ နိုင်ငံတကာ အိုလံပစ်ကော်မီတီက ၂၀၂၀ တိုကျိုအိုလံပစ်ကို နောက်နှစ် ဇူလိုင်လမှာ ပြန်လည်ကျင်းပမှာ ဖြစ်ကြောင်းနဲ့ ဇူလိုင် ၂၃ရက်နေ့ကို ဖွင့်ပွဲနေ့အဖြစ် သတ်မှတ်ပြီး သြဂုတ်လ ၈ရက်နေ့ကိုတော့ ပိတ်ပွဲကျင်းပမဲ့ရက် အဖြစ်သတ်မှတ်ကြောင်း ကြေငြာခဲ့ပါတယ်။ အသစ်ပြန်လည်ကျင်းပမဲ့ရက်ကို နိုင်ငံတကာ အိုလံပစ်ကော်မီတီ ဥက္ကဋ္ဌ သောမတ်စ် ဘတ်ချ်၊ ၂၀၂၀ တိုကျိုအိုလံပစ် ကျင်းပရေးကော်မီတီ ဥက္ကဋ္ဌ ယူရှီယိုမိုရီနဲ့တခြားတာဝန်ရှိသူတွေ တယ်လီဖုန်းနဲ့ ဆွေးနွေးမှုလုပ်ပြီး သဘောတူညီမှုရခဲ့တာလို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
          တကယ်တော့ ပြန်ကျင်းပမဲ့ရက်ဟာ တရားဝင်ကြေငြာချက်မထွက်ခင်ကတည်းက ဒီနှစ်က ရက်တွေနဲ့ သိပ်မကွာလောက်ဘူးဆိုတာ အားလုံးကခန့်မှန်းထားပြီးသားပါ။ ဘာလို့လဲဆိုတော့ ၂၀၂၀ တိုကျိုအိုလံပစ်ကျင်းပမဲ့ အချိန်ရွေးကတည်းက တခြားအားကစားပြိုင်ပွဲတွေနဲ့ လွတ်ကင်းပြီး ကွင်းတွင်း ကွင်းပြင် ကြည့်ရှုသူပရိတ်သတ်များပြားမဲ့ အချိန်ကို ရွေးထားပြီးသားဖြစ်လို့ပါ။ ဒါ့အပြင် အမရိကန်တစ်နိုင်ငံလုံးအတွက် အိုလံပစ်ပြိုင်ပွဲရုပ်သံမူပိုင်ခွင့်ကို ဒေါ်လာ ၄.၄ ဘီလီယံနဲ့ဝယ်ထားတဲ့ NBCUniversal ရုပ်သံဌာနအတွက်လည်း အမေရိကန်က နာမည်ကြီးအားကစားပြိုင်ပွဲတွေ နားတဲ့အချိန်ဖြစ်တာကြောင့် ကြည့်ရှုသူပရိတ်သတ်အများဆုံးရနိုင်မဲ့ အချိန်ဖြစ်ပါတယ်။


          ပြီးခဲ့တဲ့ အပတ် အိုလံပစ်ပြိုင်ပွဲကို ရက်ရွေ့ကြောင်းကြေငြာဖို့ အားကစားအဖွဲ့အစည်းပေါင်းစုံနဲ့ တွေ့ဆုံတဲ့ ဆွေးနွေးပွဲမှာ ရေကူး၊ စားပွဲတင်တင်းနစ်၊ ထရိုင်သန်လွန်ပြိုင်ပွဲတွေရဲ့ အဖွဲ့ချုပ်တွေဟာ အိုလံပစ်ကော်မီတီ ဥက္ကဋ္ဌ မစ္စတာဘတ်ချ်ကို ၂၀၂၀ တိုကျိုအိုလံပစ်ပြန်ကျင်းပမဲ့ရက် ပြန်ရွေးရင် ဂျပန်မှာ နွေဦးကာလဖြစ်မဲ့ မေ၊ ဇွန်ကိုရွေးချယ်ဖို့ အကြံပြုကြပါသေးတယ်။ ဒါပေမဲ့ မစ္စတာဘတ်ချ်က မေ၊ ဇွန်မှာသာ ကျင်းပဖို့ရွေးလိုက်ရင် တိုကျိုအိုလံပစ်လိုပဲ ရက်ရွေ့သွားတဲ့ ယူရို၂၀၂၀ ဘောလုံးပြိုင်ပွဲနဲ့ သွားတိုက်ဆိုင်နေမှာမို့ လက်မခံခဲ့ပါဘူး။ ယူရို ၂၀၂၀ဟာ ဒီနှစ် ဇွန်လ ၁၂ရက်နေ့မှာ ကျင်းပဖို့ရည်ရွယ်ခဲ့ပေမဲ့ သူလည်း နောက်နှစ် ဇွန် ၁၁ကို ရက်ရွေ့ခဲ့ပါတယ်။ တကယ်လို့ အိုလံပစ်သာ ယူရိုနဲ့သွားတိုက်ခဲ့ရင် ဘောလုံးအသင်းတွေအနေနဲ့ ယူရိုကိုသာရွေးမှာဖြစ်လို့ နာမည်ကြီးအသင်းတွေနဲ့ ကစားသမားတွေ မပါဝင်နိုင်ရင် အိုလံပစ်ပြိုင်ပွဲကို ပရိတ်သတ်စိတ်ဝင်စားမှုနည်းသွားမှာ မစ္စတာဘတ်ချ်က မလိုလားပါဘူး။
          တကယ်တော့ ဇူလိုင်လဟာ ဂျပန်မှာနွေရာသီဖြစ်တာကြောင့် ၂၀၂၀ အိုလံပစ်ရွေ့ဆိုင်းကြောင်း မကြေငြာခင်ကတည်းက အားကစားအဖွဲ့တွေရဲ့ ဝေဖန်မှုမြင့်တက်ခဲ့တာပါ။ မာရသွန်ပြိုင်ပွဲဆိုရင် ပြိုင်ပွဲဝင်တွေ ဖိအားပေးတဲ့အတွက် နဂိုစီစဉ်ထားတဲမြို့ကနေ ပိုအေးတဲ့ မြောက်ပိုင်းကမြို့ကို ရွေ့ပေးခဲ့ရပါသေးတယ်။ အိုလံပစ်ကော်မီတီရဲ့ မနေ့ကကြေငြာချက်မှာတော့ ကော်မီတီဟာ အရင်ကပြင်ဆင်ထားခဲ့တဲ့ အပူဒဏ်ကာကွယ်ရေး အစီအမံတွေကို နောက်နှစ်မှာလည်း ထပ်တူပြန်လုပ်ပေးသွားမှာဖြစ်ပြီး အားကစားသမားတွေအနေနဲ့ စိတ်မပူကြဘဲ ဗိုင်းရပ်စ်ပြန့်ပွားမှု ပြီးဆုံးသွားရင် လေ့ကျင့်ခန်းပုံမှန်ပြန်ဆင်းကာ အားမွေးထားကြဖို့ တိုက်တွန်းသွားပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: nytimes,ncbnews

Photo: paralympic.org, essentiallysport.com

%d bloggers like this: