0

ကမ္ဘာအရပ်ရပ်ရှိ အားကစားပြိုင်ပွဲများ ပိတ်ထားရချိန်တွင် မြင်းပြိုင်ပွဲမှာ ရုပ်မြင်သံကြားပရိသတ်တိုးပွားလာလျက်ရှိ

Share

နယူးယောက် နှင့် ကယ်လီဖိုးနီးယားရှိ သီးခြားခွဲနေပြီးသား မြင်းစီးသမားများနှင့် ဝန်ထမ်းများသည် မြင်းပြိုင်ပွဲများကို ဆက်လက်ကျင်းပခွင့်ရနေဆဲဖြစ်ပါသည်။ ပြိုင်ပွဲကွင်းအတွင်း ပရိသတ်မရှိသော်လည်း သူတို့၏ ပြိုင်ပွဲကို တီဗီမှ တိုက်ရိုက်လွှင့်ထုတ်နေနိုင်သည်ဖြစ်ရာ အခြား ပိတ်သိမ်းထားသော အားကစားမျိုးစုံကြောင့် တီဗီပရိသတ်များ တိုးပွားလာလျက်ရှိသည်။
“America’s Day at the Races” အစီအစဉ်ကို နယူးယောက်ပြိုင်ပွဲအသင်းကြီးက ကူညီ၍ Fox Sports, TVG တို့မှ ထုတ်လွှင့်စေလျက်ရှိရာ NBC Sports မှ လည်း ပူးပေါင်းတင်ဆက်လာမှုကြောင့် ယခုကာလအတွင်း ရုန်းကန်နေရသော အားကစားလောက အသက်ရှူချောင်နိုင်ဖွယ်ရာ ရှိနေသည်။
Fox Sports မှ ဒု ဥက္ကဌဖြစ်သူ မိုက်ခ် မယ်ဗီဟီးလ်က မြင်းပြိုင်ပွဲသည် အခြား အားကစားများ ပိတ်သိမ်းထားရချိန်တွင် အစားထိုးကြည့်ရှုစရာ ဖြစ်လာကြောင်း၊ ယမန်နှစ်ထက် ပရိသတ် ၃ ဆမျှ တိုးလာကြောင်း ဆိုသည်။ မြင်းပြိုင်ပွဲ လောင်းကစားဆိုင်ရာ ကိစ္စများကိုလည်း အွန်လိုင်း အင်တာနက်မှပင် စာရင်းသွင်းခြင်း၊ လောင်းကစားခြင်းများလည်း ပြုလုပ်နိုင်နေသည်။ အခြား ကမ္ဘာအရပ်ရပ်က အားကစားများ မရှိသော်လည်း ယခုကဲ့သို့ အခြေအနေကြောင့် ပုံမှန်နေ့စဉ်ဘဝ ဖြတ်သန်းနေရသကဲ့သို့ အနည်းငယ် ခံစားရကြောင်း သူက ဖွင့်ဟခဲ့သည်။
ယမန်နှစ် အချိန်ကာလတူ ပရိသတ်ပမာဏထက် Fox Sports 1, Fox Sports 2, NBC Sports Network တို့တွင် ပရိသတ် ၂၀၆ % ထိ ပိုမိုတိုးတက်လာခဲ့သည်။

TVG ရုပ်သံမှ စီအီးအို ကစ်ပ် လယ်ဗင် ကလည်း ယခု အခြေအနေကို အလျင်အမြန် အခွင့်ကောင်းရယူနိုင်ခဲ့သည်။
သူ၏ ရုပ်သံထုတ်လုပ်ရေးဌာနမှာ အဖွဲ့သားများသည် အထူးကြိုးစားခဲ့ကြောင်း၊ ပရိသတ်များနှင့် အားကစားဆိုင်ရာ စကားပြောအစီအစဉ်များ အချိန်မဆိုင်းပဲ ဖန်တီးခဲ့ကြပြီး ယခင် မလုပ်ပေးနိုင်ခဲ့သော ဝန်ဆောင်မှုများကို အသစ် ဖေါ်ထုတ်နိုင်ခဲ့ကြောင်း ဆိုသည်။

NYRA (နယူးယောက်ပြိုင်ပွဲအသင်း) ၏ အစီအစဉ်သစ်သို့ စာရင်းပေးသွင်းသူ၊ ပုံမှန် လောင်းကြေးထပ်မည့်သူများ ပိုမိုဝင်ရောက်လာခဲ့ကြသည်။ ပြီးခဲ့သည့် ၃ ပတ်တာကာလအတွင်း စာရင်းပေးသွင်းကြသူများမှာ ယမန်နှစ် တစ်နှစ်စာလုံး နီးပါးရှိကြောင်း၊ အသစ်ဝင်ရောက်လာသည့် မြင်းပြိုင်ပွဲ လောင်းမည့် သူများအား ဒေါ် လာ ၂၀ စီကျ လောင်းကစားခွင့်ကိုလည်း အပိုဆောင်းပေးခဲ့ကြောင်း သိရသည်။
အသင်းတွင် မြင်းများကို ထိန်းသိမ်းရန်နှင့် အခြား လုပ်ငန်းဆောင်တာများကြောင့် ဝန်ထမ်းဦးရေ ၆၀၀ ခန့်ရှိကြောင်း သိရသည်။
နယူးယောက် မြင်းပြိုင်ပွဲအသင်းကြီးသည် ရုပ်သံလွှင့်ခွင့်ကို အခမဲ့ စီစဉ်ရန် ရှိသော်လည်း မိမိတို့ ဝန်ထမ်းများ၏ စားဝတ်နေရေးကို ကြည့်ရသေးကြောင်းလည်း ပြောကြားခဲ့သည်။


ယခု ဝန်ထမ်းအားလုံးကို ဆက်လက် အလုပ်ပေးထားမည်ဖြစ်ကြောင်း၊ အစားအစာများလည်း မပြတ်လတ်အောင် စီစဉ်ထားကြောင်း၊ မိမိတို့၏ ရည်မှန်းချက်မှာ နယူးယောက်မြင်းပြိုင်ပွဲများ အမြဲ အသက်ဝင်နေစေဖို့ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး၏ မြင်းပြိုင်ပွဲများကိုလည်း အောင်မြင်စေလိုကြောင်း၊ နိုင်ငံ၏ စီးပွားရေးစနစ်အတွင်း အလုပ်အကိုင်များကို ဖန်တီးပေးနိုင်သည့် အတွက်လည်း ဂုဏ်ယူကြောင်း စသည်တို့ကို အသင်း၏ ဘဏ္ဏာရေး အရာရှိ အယ်ဗေတိုးက ပြောကြားခဲ့သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။ Like & Share ပေးခြင်းဖြင့် စီးပွားရေးအချက်အလက်သတင်းများ ပိုမိုဆောင်ရွက်နိုင်ဖို့ ကူညီပေးနိုင်ပါသည်။
Orio Economics

source: AP News, NYRA, Horse Racing, Fox Sports, NBC Sports

%d bloggers like this: