အေစီမီလန်အသင်းဟာ ခု ၂၀၁၉-၂၀၂၀ ရာသီအစမှာပဲ လန်ဒန်မြို့ အခြေစိုက် ဒီဂျစ်တယ်မားကတ်တင်း အေဂျင်စီ တစ်ခုဖြစ်တဲ့ WePlay နဲ့စာချုပ်ချုပ်ခဲ့ပြီး ရာသီဝက်ကုန်ချိန် ၆လစာ စာရင်းချုပ်တဲ့ခါမှာတော့ လက်မှတ်ရောင်းအား ၇.၅ ရာခိုင်နှုန်းတက်ခဲ့တယ်လို့ ကြေငြာသွားတာပါ။ ဒီတိုးလာတဲ့ ရောင်းအားထဲမှာ ၂၅ ရာခိုင်နှုန်းက အသင်းလက်မှတ်ကို တစ်ခါမှ ဝယ်မကြည့်ဖူးသေးတဲ့ Fan အသစ်တွေဖြစ်တယ်လို့ဆိုပါတယ်။
တကယ်တော့ အေစီမီလန်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၃-၂၀၁၄ ရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်ဆုံးရှုံးခဲ့ချိန်ကစပြီး အသင်းဟာ ရာသီသိမ်းချိန်တွေမှာ အလယ်အလတ်အဆင့်နဲ့ပဲ ကျေနပ်နေရတာ မနှစ်ကထိပါပဲ။ မြို့ခံ အင်တာမီလန်အသင်းနဲ့ အတူတူမျှသုံးနေရတဲ့ သူတို့ရဲ့ ပရိတ်သတ် (၈)သောင်းဆန့် ဆန်စီယိုကွင်းကြီးထဲကို ပရိတ်သတ်လာအားပေးတဲ့နှုန်းဟာ မနှစ်ကဆိုရင် ပျမ်းမျှ ၃၇၀၀၀ ပဲရှိပါတော့တယ်။ ဒါကြောင့်လဲအေစီမီလန်အသင်းဟာ ဒီနှစ်မှာ အီဗရာဟီမိုဗစ်လို ပုံရိပ်ကြီးကစားသမားတွေရယ်၊ တခြား လူငယ်ခြေတက်ကစားသမားတွေရယ် ဝယ်ယူအားဖြည့်ထားပြီး WePlay လိုအေဂျင်စီတွေနဲ့ ချိတ်ဆက်ကာ အသင်းရဲ့ ကျဆင်းနေတဲ့ ပုံရိပ်ကို ဆွဲတင်ဖို့ကြိုးစားနေတာပါ။
အေစီမီလန်အသင်း အခြေစိုက်ထားတဲ့ မီလန်မြို့ဟာဆိုရင် ဖက်ရှင်ရှိုးတွေအပြင် တခြားလည်ပတ်စရာတွေကြောင့် ဥရောပမှာ နာမည်ကြီးမြို့တစ်ခုဖြစ်ပြီး Mastercard ရဲ့ Survaey အရဆိုရင် ၂၀၁၈မှာ ဥရောပရဲ့ ပဉ္စမမြောက် ခရီးသွားအလည်ပတ်ဆုံးမြို့ဖြစ်ပါတယ်။ WePlay ဟာ မီလန်မြို့ကို လာရောက်လည်ပတ်တဲ့ ခရီးသွားတွေကို ပစ်မှတ်ထားခဲ့ပြီး မီလန်မြို့ရောက်ရင် အေစီမီလန်ပွဲကြည့်သွားဦးမှဆိုတဲ့ Trand တစ်ခုကိုဖြစ်စေတာပါ။ ခုဆို ဆန်စီယိုကွင်းရဲ့ ပျမ်းမျှပရိတ်သတ်ဝင်နှုန်းဟာ ၅၇၀၀၀ ထိတက်လာခဲ့ပြီလို့ သိရပါတယ်။
Source : Sport Business