ကမ္ဘာ့အကြီးဆုံး ဖက်ရှင်နှင့် ဇိမ်ခံပစ္စည်းကုမ္ပဏီကြီးဖြစ်သည့် LVMH သည် ပြီးခဲ့သည့်နှစ် နှစ်သစ်ကူးအချိန်၌ မထင်မှတ်လောက်စရာ ရောင်းအားတက်ခဲ့ခြင်းကြောင့် နှစ်ချုပ်စာရင်း ထုတ်ပြန်သည့်အခါ အမြတ်အစွန်းများလည်း ရရှိခဲ့ကြောင်း သိရသည်။
၂၀၂၂ ခုနှစ်တွင် ပထဝီနိုင်ငံရေးဆိုင်ရာ တင်းမာမှုများနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်နေသည့် ကြားမှပင် LVMH ၏ ဝင်ငွေရော အမြတ်ငွေပါ မြင့်တက်ခဲ့ခြင်းဖြစ်ပြီး နှစ်နှစ်ဆက်တိုက် ရောင်းအားတက်ခဲ့ခြင်းလည်းဖြစ်သည်။
ကုမ္ပဏီ၏ရောင်းအားမှာ ဒေါ်လာ ၂၅ ဘီလီယံအထိ ရှိခဲ့ပြီး အထူးသဖြင့် နှစ်သစ်ကူး ပိတ်ရက်အချိန်အခါဖြစ်သော ၂၀၂၂ခုနှစ်၏ နောက်ဆုံး ၃လတွင် ရောင်းအား ၉ ရာခိုင်းနှုန်းမြင့်တက်ခဲ့ခြင်းက အခရာကျခဲ့ကြောင်း သိရသည်။
ရောင်းအားတက်ခဲ့သည့် ဒေသများအဖြစ် ဥရောပ၊ အမေရိကန်နှင့် ဂျပန်တို့ဖြစ်ကြောင်း သိရပြီး တရုတ်တွင်တော့ ကိုဗစ်တစ်ကြော့ပြန် ကူးစက်မှုကြောင့် မျှော်မှန်းထားသည်ထက် ရောင်းအားကျဆင်းခဲ့ပြီး ၂၀၂၂ခုနှစ်၏ အစောပိုင်း ကိုးလတွင် တရုတ်၌ ရောင်းအား ၂၀ ရာခိုင်နှုန်းအထိ ထိုးကျခဲ့ရသည်။
သို့သော် LVMH ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိဖြစ်သူ ဘားနတ် အားနော့က သူ့အနေဖြင့် တရုတ်ဈေးကွက်အပေါ် ယုံကြည်မှုအပြည့်ရှိနေကြာင်း၊ မကာအိုရှိ ၎င်းတို့ဆိုင်ခွဲများ၏ ရောင်းအားကို ကြည့်ကြည့်ပါက တရုတ်ဖောက်သည်များ၏ ပြန်လည်အားပေးမှုကို သိမြင်နိုင်ကြောင်း ပြောကြားသွားခဲ့သည်။
LVMH ၏ အောက်တွင် LV (Louis Vuitton), Tiffany’s, Christian Dior, Sephora, Hennessey နှင့် Moët တို့အဓိကပါဝင်ကြပြီး ဝိုင်နှင့် အဖျော်ယမကာ၊ ဖက်ရှင်နှင့် အဝတ်အစား၊ ရေမွှေး၊ အလှကုန်မှသည် နာရီနှင့် လက်ဝတ်ရတနာများအထိ လုပ်ငန်းခွဲပေါင်းများစွာ ပါဝင်လျက်ရှိသည်။
LVMH ၏ အဓိက ဖက်ရှင်လုပ်ငန်းဖြစ်သော Louis Vuitton သည်လည်း ယမန်နှစ်တွင် ရောင်းအားကောင်းခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် ဝင်ငွေ ၂၁.၇ ဘီလီယံသို့ရောက်ရှိခဲ့ကာ ထိုကဲ့သို့ LVMH ၏ ဝင်ငွေများ နှစ်နှစ်ဆက်တိုက် တက်ရိပ်ပြခဲ့ခြင်းကြောင့် ဈေးကွက်သုံးသပ်သူများက ဇိမ်ခံပစ္စည်းဈေးကွက်၏ ထိပ်သီးအဖြစ် တညီတညွတ်တည်း ရှုမြင်လျက်ရှိကြသည်။
Source: BBC, Reuters
Photo: Robb Report