0

စတော့ဟုမ်းက မြို့ခံတွေဟာ Herd Immunity ကိုယ်ခံစွမ်းအားရှိလူထု ဖြစ်လာတော့မလား

Share

ဆွီဒင်နိုင်ငံက မြို့တော်စတော့ဟုမ်းရဲ့ လေထုထဲမှာတော့ နွေဦးရဲ့လေပြေကလေးတွေ ဖြတ်သန်းနေပါပြီ။ တကမ္ဘာလုံးက လူထုကြားထဲ ကူးစက်ရောဂါ ပျံ့နှံ့နေပေမယ့် စတော့ဟုမ်းသားတွေကို အနှောက်အယှက် မပေးနိုင်သလိုဖြစ်နေပါတယ်။
ဆွီဒင်မှာ ရောဂါကူးစက်မှုတွေများ မရှိလို့လား။
တကယ်တော့ ဆွီဒင်တစ်နိုင်ငံလုံးမှာ ကိုရိုနာကူးစက်သူ ၁၈၀၀၀ ကျော်၊ ပြန်ကောင်းလာသူ ၅၅၀ ခန့် နဲ့ သေဆုံးသူ ၂ ထောင်ကျော်ရှိနေပါပြီ။
ဆွီဒင် အစိုးရဟာ ဒီကူးစက်ရောဂါတွေကနေ ကာကွယ်ဖို့ အထူးထုတ်ပြန်ထားတဲ့ ဥပဒေတွေ၊ တစ်ဦးချင်းလိုက်နာနိုင်ဖို့ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေ ပြုလုပ်နေပါတယ်။ အိမ်ကနေ အလုပ်လုပ်တဲ့သူတွေကိုလည်း ဆက်လုပ်နေဖို့ အားပေးတာတွေ၊ Nursing Homes လို သက်ကြီးပိုင်းတွေကို ပြုစုတဲ့ နေရာတွေမှာလည်း ဧည့်သည်အသစ်တွေ လက်မခံဖို့ ညွှန်ကြားထားပြီး တက္ကသိုလ်တွေကိုလည်း အွန်လိုင်း၊ အင်တာနက်ကနေ သင်ကြားဖို့ ညွှန်ကြားပြီးသား ဖြစ်ပါတယ်။
ဒါပေမယ့် အခြား တဖက်မှာတော့ ဘားတွေ၊ စားသောက်ဆိုင်တွေ၊ အားကစားရုံ Gym တွေ ဆက်လက်ဖွင့်ထားတာကို တွေ့ရမှာဖြစ်ပြီး ဆွီဒင် ရဲ့ သိပ်မတင်းကြပ်တဲ့ Social, Physical Distancing Rules လူတွေ ခပ်ခွာခွာနေဖို့ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းတွေအောက်မှာ အလုပ်ဖြစ်နေတာကို တွေ့ရပါတယ်။ အခြေခံကျောင်းတွေ ဆိုရင်လည်း ဆက်ပြီး ဖွင့်ထားတုန်းပါပဲ။


ကူးစက်ရောဂါ ဆရာဝန်တစ်ဦးဖြစ်တဲ့ အန်ဒါးစ် တက်ဂ်နဲ ကတော့ လူတွေကို အသွားအလာကန့်သတ်ထားတာက ရေရှည်တော့ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ လူတွေ ဒီလိုလျှောက်သွားနေတာနဲ့ ပက်သက်ပြီး ပြောဖို့ စောနေသေးပေမယ့် တစ်ခုခုတော့ ပြန်ရနိုင်တယ်လို့ ဆိုပါတယ်။ အန်ဒါးစ်ပြောတာကတော့ လာမယ့် မေလထဲမှာ စတော့ဟုမ်းက လူတွေ Herd Immunity ဖြစ်နိုင်မလားဆိုတာပါပဲ။
Herd Immunity ဆိုတာကတော့ လူဦးရေရဲ့ ၇၀% ကနေ ၉၀% ကြားရှိတဲ့ လူဦးရေ ပမာဏဟာ ကူးစက်ရောဂါကို ခံနိုင်ရည်ရှိသွားတာကို ပြောတာပါ။
ဒီလို ခုခံနိုင်စွမ်းတွေကလည်း လူတွေမှာ ကာကွယ်ဆေးခံယူပြီးတာပဲဖြစ်ဖြစ်၊ ကူးစက်ခံရတာ၊ ကူးစက်ခံရပြီးမှ ကုသမှုခံယူပြီးမှ ပျောက်သွားတာ စတဲ့ ပုံစံအမျိုးမျိုးရှိနိုင်ပါတယ်။
ဒီလို လူအများစု ခုခံနိုင်စွမ်းရှိလာပြီ Herd Immunity သာဖြစ်သွားပြီဆိုရင်တော့ ကူးစက်ရောဂါဟာ အခြား ခံနိုင်ရည် မရှိတဲ့သူတွေဆီကို ဆက်ကူးစက်ဖို့ အခွင့်အလမ်းနည်းသွားပြီဖြစ်ပါတယ်။ ရောဂါပိုးကို သယ်ဆောင်မယ့် Carriers အရေအတွက်ကျလာတဲ့ အတွက်ဖြစ်ပါတယ်။
Herd Immunity ဖြစ်လာဖို့ဆိုရင် စွန့်စားရမယ့် အန္တရာယ်လည်း အရမ်းများပါတယ်။
CNN သတင်းဖေါ်ပြချက်အရဆိုရင် Herd Immunity ဖြစ်လာဖို့ နည်းလမ်း ၂ ခုရှိပြီး တစ်ခုက လူထုကို ကာကွယ်ဆေး ဒါမှမဟုတ် ကုသတဲ့ ဆေး ပေးနိုင်တဲ့နည်းပါ။ နောက် တစ်ခုကတော့ လူအကုန်လုံးနီးပါကို ရောဂါကူးသွားပြီး အဲ့ဒီ့က တဆင့် Herd Immunity ဖြစ်လာစေတဲ့နည်းပါ။
ဆွီဒင်က အာဏာပိုင်တွေကတော့ သတိပေးထားပါတယ်။ ခုလိုနွေဦးမှာ စတော့ဟုမ်းက လူတွေ လွတ်လွတ်လပ်လပ်လျှေက်သွားနေတာက ကူးစက်ရောဂါကြီး ပြီးဆုံသွားပြီလို့ မယူဆစေချင်ကြောင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ နော်ဝေ နဲ့ ဒိန်းမတ်တို့ထက် ဆိုးရွားနေတဲ့ အခြေအနေကိုလည်း ထောက်ပြသွားပါတယ်။


ဆွီဒင်က မစ္စတာ အန်ဒါးစ် တက်ဂ်နဲဟာ ဆွီဒင် ပြည်သူ့ကျန်းမာရေးဌာနရဲ့ အကြီးအကဲဖြစ်ပါတယ်။ သူကတော့ Official Modelling ပုံစံတွက်ထုတ်ထားပြီး လူထုကြီးတခုလုံး ကူးစက်ရောဂါကို ခံနိုင်ရည်ရှိသွားမယ့် အလားအလာဟာ ဖြစ်နိုင်ပါတယ်လို့ ဆိုပါတယ်။
ဆွီဒင်ကျန်းမာရေးဌာနက လူတွေဟာ စတော့ဟုမ်းမြို့ရဲ့ ၂၆% ရာခိုင်နှုန်းဟာ လာမယ့် မေ ၁ ရက်နေ့မှာ ရောဂါကူးပြီး ဖြစ်နေနိုင်တယ်လို့ တွက်ထားကြပါတယ်။ ဒါဟာ လူဦးရေး ၆၉၀၀၀၀ (၆ သိန်း ၉ သောင်း) ခန့် ဖြစ်ပါတယ်။
Sweden Public Health Agency က “ကျွန်တော်တို့ဟာ ကိုယ်ခံစွမ်းအားနဲ့ပက်သက်ပြီး သိပ်များများစားစားတော့ မသိကြသေးပါဘူး။ လူတွေမှာ ကိုယ်ခံစွမ်းအား Antibodies တွေ ဘယ်လောက်ရှိနေနိုင်မလဲ၊ ထုတ်နိုင်မလဲဆိုတာကို ပိုပြီး စမ်းသပ်စစ်ဆေးသွားဖို့ ရှိနေပါတယ်။ ကူးစက်ခံရတာ ဘယ်နှယောက်ပိုလာပြီဆိုတာလဲ ပါပါတယ်” လို့ ပြီးခဲ့တဲ့ညက လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။


ဆွီဒင်က ထုတ်ပြန်ထားတဲ့ စည်းမျဉ်းတွေဟာ အခြား ကမ္ဘာ့နိုင်ငံတွေနဲ့ မတူပဲ ကွာခြားချက်တွေရှိနေပါတယ်။ ဒီတစ်ခုကိုလည်း ကြည့်ပါဦး။
ဆွီဒင်က လူစုလူဝေး မလုပ်ဖို့ ကန့်သတ်ထားတဲ့ ဦးရေ အရေအတွက်ဟာ ၅၀ ဦး နဲ့ အထက်ဖြစ်ပါတယ်။
အဲ့ဒီတော့ ဘားတွေ၊ စားသောက်ဆိုင်တွေ ကောင်းကောင်းဆက်ဖွင့်နေနိုင်သလိုဖြစ်နေတာပါ။
သူတို့သာ တကယ်လို့ Herd Immunity ဖြစ်သွားခဲ့မယ်ဆိုရင် အခြား နိုင်ငံတွေအတွက်လည်း စိတ်အားတက်စရာ တစ်ခုဖြစ်လာမှာဆိုတော့ အသေအချာ စောင့်ကြည့်သွားရမယ့် ကိစ္စဖြစ်နေပါပြီ။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။ Like & Share လုပ်ပေးခြင်းဖြင့် Economics News, Articles, Analysis များ ပိုမိုလျှောက်လှမ်းနိုင်ဖို့ ကူညီပါခင်ဗျာ။
Orio Economics

source: CNBC News, CNN News, ABC News, Image TT News via AP, KCRA Website

%d bloggers like this: