0

ဘာ့ကြောင့် နိုင်ငံရေးခေါင်းဆောင်တော်တော်များများ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတာလဲ ?

Share

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း 121,061 ဦးအနက် ထူးထူးခြားခြား ကူးစက်ခံရသူ အမြန်ဆုံးတွေကတော့ နိုင်ငံရေးခေါင်းဆောင်များပဲ ဖြစ်ပါတယ်။ နောက်ဆုံးသတင်းများအရ ကနေဒါ ဝန်ကြီးချုပ် Justin Trudeau ၏ဇနီးဟာ  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်းနှင့် သူမ တဦးတည်းသီးသန့် နေထိုင်ကာ ၁၄ရက်ကြာ စောင့်ကြည့်ခံနေရမှာ ဖြစ်ကြောင်း ဝန်ကြီးချုပ်ကိုယ်တိုင် ယနေ့မတ်လ ၁၃ရက်နေ့က Twitter မှတဆင့် ကြေငြာခဲ့ပါတယ်။ မတ်လ ၁၂ ရက်နေ့မှာတော့ ဟောလီးဝုဒ် ရုပ်ရှင် မင်းသားကြီး Tom Hank နှင့် ဇနီး ၂ဦးစလုံး ရောဂါပိုး ကူးစက်ခံရတာကြောင့် သီးသန့်ခွဲနေကာ ဆေးကုသမှုခံယူနေရကြောင်း သိရှိရပါတယ်။

ယခုလက်ရှိမှာ အီရန်နိုင်ငံ နှင့် ဥရောပမှ ထိပ်တန်း နိုင်ငံရေးခေါင်းဆောင်အချို့ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရပြီး ဆေးကုသမှု ခံယူနေကြရပါတယ်။ အီရန်နိုင်ငံမှ နိုင်ငံရေး အရာရှိပေါင်း ၂၀ ဦးထိ ရောဂါ ကူးစက်ခံထားရပြီး အနည်းဆုံး ၂ ဦးထက်မနည်း သေဆုံးသွားခဲ့ပြီးပါပြီ။ ဥရောပမှ ကူးစက်ခံရတဲ့ နိုင်ငံရေး ခေါင်းဆောင်များကတော့ ပြင်သစ်၊ အင်္ဂလန်၊ စပိန် နှင့် အီတလီ မှ ဖြစ်ပြီး ပြင်သစ် ယဉ်ကျေးမှု နှင့် အနုပညာဌာန မှ Frank Riester က မတ်လ ၉ ရက်နေ့တုန်းက ကူးစက်ခံရကြောင်း သိရှိခဲ့ရပါတယ်။ “Riester က National Assembly ကိုရောက်ရှိခဲ့ပြီး အဲဒီနေရာမှာ ကူးစက်ခံရသူ ၅ ဦးခန့်ရှိခဲ့တယ်” လို့ ပြင်သစ်ဝန်ကြီးဌာနမှ ဆိုပါတယ်။ UK ရဲ့ကျန်းမာရေး ဝန်ကြီး Nadine Dorries ကတော့ ဒီအပတ်ထဲမှာပဲ ရောဂါ ကူးစက်ခံခဲ့ရတာပါ။ သူမ နေမကောင်းမဖြစ်မီ UK ရဲ့Prime Minister ဖြစ်သူ Boris Johnson နဲ့အခြားနိုင်ငံရေး ခေါင်းဆောင်အချို့နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။

တရုတ်နိုင်ငံ ပြီးလျှင် ကူးစက်ခံရသူနှင့် သေဆုံးသူ ရုတ်တရက် တဟုတ်ထိုး တိုးပွားလာသည့် အီတလီ နိုင်ငံမှာတော့ အီတလီ၏ ဒီမိုကရက်တစ် ပါတီခေါင်းဆောင် Nicola Zingaretti က ဗိုင်းရပ်စ် ကိုယ်တိုင်ကူးစက်ခံနေရပြီဖြစ်ကြောင်း မတ်လ ၇ ရက်နေ့က Facebook video မှတဆင့် ထုတ်လွှင့်ခဲ့ပါတယ်။

ဘာကြောင့် နိုင်ငံရေးသမားတွေက အများဆုံးကူးစက်ခံနေရသလဲ ဆိုတဲ့မေးခွန်းကို ကျွမ်းကျင်သူတွေကတော့ “နိုင်ငံရေးသမားတွေဟာ သာမန်လူနှင့် နှိုင်းယှဉ်လျှင် လူပေါင်းများစွာနဲ့ နေ့စဉ် ထိတွေ့နေရပြီး လက်ဆွဲနှုတ်ဆက်တာ၊ ယဉ်ကျေးမှုအရ ပွေ့ဖက်တာ နမ်းတာမျိုးတွေ ပြုလုပ်ရလေ့ရှိတာကြောင့်” လို့ ပြောပါတယ်။ နောက်ပြီး သာမန်လူတွေနှင့် ယှဉ်လျှင် နိုင်ငံရေးသမားတွေက ရောဂါကူးစက်ခံရကြောင်း ပိုမိုလျှင်မြန်စွာ သိရှိနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သာမာန်လူတယောက်က ရောဂါ လက္ခဏာ ပြလာလျှင်ချက်ချင်း မစစ်ဆေးကြပေမဲ့ နိုင်ငံရေးခေါင်းဆောင်တွေကတော့ ဆင်တူတဲ့လက္ခဏာ ပြလာတာနဲ့ ခရီးသွားခဲ့တဲ့ history ရှိရှိမရှိရှိ ချက်ချင်းစစ်ဆေးမှု ပြုလုပ်တာကြောင့် သိရှိနိုင်တာ ဖြစ်ပါတယ်။

နောက်အချက်တချက်ကတော့ နိုင်ငံရေးသမားတွေဆိုတာ အသက်ပိုမိုကြီးတဲ့သူတွေ ဖြစ်တာကြောင့် ရောဂါကူးစက်ခံရဖို့ ပိုမိုလွယ်ကူတာလဲ ဖြစ်ပါတယ်။ ဒီလို နိုင်ငံရေးခေါင်းဆောင်တွေကြားမှာ ရောဂါ ကူးစက်ခံရနှုံးများပြားနေတာကြောင့် မွန်ဂိုလီယားမှစလို့ စကော့တလန်ထိ နိုင်ငံရေးသမားတွေက တဦးထဲ သီးသန့်နေပြီး ရောဂါမပျံ့ပွားအောင်လုပ်ဆောင်နေကြပေမဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်လို နိုင်ငံရေးခေါင်းဆောင်တွေကတော့ အဲဒီလိုမဟုတ်ပါဘူး။

လက်ရှိမြန်မာနိုင်ငံအတွင်းမှာ ကူးစက်ခံရသူ တစုံတရာမှ တရားဝင် ထွက်ပေါ်လာခဲ့ခြင်း မရှိသေးပေမဲ့ နိုင်ငံလူထုခေါင်းဆောင် အပါအဝင် နိုင်ငံရေး တွေ့ဆုံပွဲတွေ ပြုလုပ်နေတာကြောင့် ဝေဖန်မှုအချို့ ထွက်ပေါ်လျက်ရှိပါတယ်။ မတ်လ ၁၁ ရက်နေ့မှာ World Health Organisation (WHO) မှ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကို Pandemic ကမ္ဘာလုံးဆိုင်ရာ ကူးစက်ပျံနှံ့သောရောဂါအဖြစ် တရားဝင် ကြေငြာသွားခဲ့ပြီဖြစ်လို့ မြန်မာနိုင်ငံအနေနှင့် ရောဂါမပျံ့ပွားရေးကို အထူးကြပ်မတ် ဆောင်ရွက်ရမဲ့ အချိန်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

%d bloggers like this: