Photo: The Verge
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ WHO က ကိုရိုနာဗိုင်းရပ်စ်ပြန်ပွားမှုကို ကမ္ဘာ့ကပ်ရောဂါဆိုးအဖြစ် ကြေငြာသွားခဲ့ပြီး ကမ္ဘာ့နိုင်ငံအားလုံး လက်တွဲပူးပေါင်းတိုက်ဖျက်သွားကြဖိုက တိုက်တွန်းသွားပါတယ်။ စဖြစ်ကာစတုန်းကတော့ ဒီကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ရိုးရိုးကပ်ရောဂါ (epidemic) အဖြစ်သာသုံးစွဲနေခဲ့ပြီး သူ့ရဲ့ အဓိပ္ပါယ်ကတော့ ဒီရောဂါဟာ နိုင်ငံတစ်နိုင်ငံ၊ ဒါမှမဟုတ် နယ်နိမိတ်တစ်ခုအတွင်းမှာ ပြန့်ပွားနေတယ်လို့ဆိုလိုတာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်နဲ့ ဖေဖော်ဝါရီလအတွင်း တောင်ကိုးရီးယားနိုင်ငံနဲ့ အီတလီနိုင်ငံတို့မှာ ကူးစက်မှု မြန်ဆန်များပြားလာခဲ့ပြီး ဆရာဝန် အသိုင်းအဝိုင်းက WHO ကို ကမ္ဘာ့ကပ်ရောဂါဆိုး (Global Pandemic) အဖြစ်ကြေငြာဖို့တိုက်တွန်းခဲ့ပေမဲ့ WHO ကတော့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြအနေ (Global Health Emergency) အဖြစ်သာ ဇန်နဝါရီလကကြေငြာခဲ့တာပါ။
WHO အနေနဲ့က ကမ္ဘာ့ကပ်ရောဂါဆိုးအဖြစ် ကြေငြာလိုက်ရင် လူထုအကြားဖြစ်လာမဲ့ စိုးရိမ်ပူပန်မှုတွေရယ်၊ ကမ္ဘာ့စီးပွာရေးအပေါ်မှာ ရိုက်ခတ်သွားနိုင်မှုတွေရယ်၊ နောက် အဲ့အချိန်တုန်းက ဥရောပနဲ့ အမေရိကမှာ စဖြစ်ကာစသာရှိသေးတာရယ်ကြောင့် တွန့်ဆုတ်နေခဲ့တာပါ။ ခုအခါမှာတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာပေါ်ရှိ လူပေါင်း ၁ သိန်း ၂ သောင်းကျော်ကို ကူးစက်ခဲ့ပြီး ၄၃၀၀ ကတော့ အသက်ဆုံးရှုံးခဲ့ပြီဖြစ်ပါတယ်။ ပြီးတော့ တိုက်ကြီး ၆ တိုက်က ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ကျော် ကူးစက်ခံနေရပြီဖြစ်တဲ့အတွက် WHO ရဲ့ ကမ္ဘာ့ကပ်ရောဂါဆိုးဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ အတိအလင်းကြငြာခဲ့တာပါ။
Photo : PBS
ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့ကပ်ရောဂါဆိုးအဖြစ် သတ်မှတ်နိုင်တဲ့ အခြားအချက်ရှိပါသေးတယ်။ ဒါကတော့ ခုထိ သူ့ကို ကုသဖို့ ဆေးမရှိသေးတာပါ။ ကမ္ဘာတစ်ဝှမ်းက သိပ္ပံပညာရှင်တွေ အသည်းအသန်စမ်းသပ်နေပေမဲ့ ခုချိန်ထိတော့ ကုသဖို့ဆေးရော၊ ကာကွယ်ဆေးရော မရှိသေးပါဘူး။ အကောင်းဆုံးနည်းလမ်းကတော့ မကူးစက်ခံရအောင် နေထိုင်ဖို့ပါပဲ။ လူထူထပ်တဲ့နေရာ ရှောင်ကြဉ်တာတို့၊ လက်ကို ခဏခဏဆေးတာတို့၊ နောက် ကိုယ်ခံအားစနစ်ကောင်းအောင် အိပ်ရေး၀၀အိပ်၊ အစားပုံမှန်စား၊ အရည်များများသောက်တာတွေလုပ်ပေးရင် ကူးစက်ခံရဖို့ အခွင့်အလမ်းနည်းသွားမှာပါ။
ခုခါမှာ တရုတ်နိုင်ငံက ကူးစက်မှုနှုန်းတွေ တော်တော်ကျသွားပြီဖြစ်လို့ စက်ရုံနဲ့ တချို့ဆိပ်ကမ်းတွေ ပြန်လည်ပတ်နေပါတယ်။ ဥရောပမှာတော့ ကူးစက်ခံရမှုဆက်တိုက်မြင့်တက်နေသလို နာမည်ကြီးကုမ္ပဏီကြီးတွေက သူတို့ဝန်ထမ်းတွေကို အိမ်ကပဲအလုပ်ဆင်းခိုင်းတဲ့ သတင်းတွေလဲ တွေ့နေရပါတယ်။ ကမ္ဘာ့စီးပွားရေးအနေနဲ့တော့ တရုတ်ဘက်က အလုပ်တွေ ပြန်စရင် နည်းနည်းအသက်ရှုချောင်မှာဖြစ်ပေမဲ့ လောလောဆယ်မှာ အမေရိကန်စတော့ရှယ်ယာမှာတော့ ကသောင်းကနင်းတွေဖြစ်နေပါတယ်။ Global Pandemic အဖြစ်ကြေငြာပြီးနောက်ပိုင်း ကမ္ဘာ့စီးပွားရေးဇာတ်ခုံ မှာဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: Business Insider