ဆေးခြောက်မျိုးနွယ်ဝင် Cannabis အပင်တွေမှာ သုံးစွဲသူတွေရဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဓါတ်တစ်မျိုးပါဝင်ပါတယ်။ အဲဒီဓါတ်ကို Tetrahydrocannabinol- အတိုကောက်အနေနဲ့ (THC) လို့ခေါ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်တွေတုန်းက ဆေးခြောက်ကို တရားဝင် အသုံးပြုခွင့်ပေးလိုက်ပြီးနောက်ပိုင်း ဈေးကွက်ထဲမှာ ဆေးခြောက်ပါဝင်တဲ့ စားစရာအမျိုးမျိုးကို တီထွင်ရောင်းချလာခဲ့ ကြပါတယ်။ ဒီထဲမှာဆိုရင် ချောကလက်အမျိုးမျိုး၊ ကွတ်ကီးတွေ၊ သကြားလုံးတွေ၊ ဂျယ်လီတွေရယ်၊ သောက်စရာ ရေနွေးကြမ်းအနေနဲ့ ပါဝယ်ယူရရှိနေနိုင်ပါပြီ။
သုတေသနစစ်တမ်းတွေ အဆိုအရ ပြီးခဲ့တဲ့နှစ်က ကယ်လီဖိုးနီးယား ပြည်နယ်တစ်ခုတည်းမှာတင် ဆယ်ကျော်သက်လူငယ်တွေရဲ့ (၃၃%) ဟာ ဆေးခြောက်ကို ပုံစံအမျိုးမျိုးနဲ့ သုံးစွဲခဲ့ကြပြီး အများစုကတော့ အပေါ်ကပြောခဲ့သလို အစားအသောက်ပုံစံကို သုံးစွဲကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစားစရာတွေပေါ်မှာ ဖော်ပြထားတဲ့ (THC) ပါဝင်မှုနှုန်းကတော့ တံဆိပ်တစ်ခုနဲ့ တစ်ခု မတူညီကြသလို စားသုံးသူ လူငယ်တွေကလည်း တစ်ယောက်တစ်မျိုးနားလည်နေကြကြောင်း စစ်တမ်းက ဖော်ပြပါတယ်။
ဒါကြောင့် ကုန်ထုတ်လုပ်သူတွေကို အကြံပြုဖို့အတွက် ကနေဒါနိုင်ငံ၊ ဝါတာလူးတက္ကသိုလ်က ပညာရှင်တွေဟာ အသက် ၁၅နှစ်ကနေ ၃၀ကြားရှိ ကနေဒါနိုင်ငံသား အယောက် (၈၇၀) ကို သုတေသနစစ်တမ်း ထပ်မံကောက်ယူခဲ့ပါတယ်။ ဒီစစ်တမ်းမှာပါဝင်တာတွေကတော့ (THC) ပါဝင်မှုရာခိုင်နှုန်းကို milligram (mg) အနေနဲ့ပဲဖော်ပြတာရယ်၊ percentage (%) အနေနဲ့ပဲဖော်ပြတာရယ်၊ နောက်တစ်ခုက Taffic Light System (အနီရောင်ဆို အားပြင်းတာ၊ အစိမ်းရောင်ဆို (THC) နည်းနည်းပဲပါတာ) စသည်ဖြင့် (၃)ခုခွဲပြီး ဘယ်စနစ်က နားလည်ရလွယ်စေသလဲဆိုတာ မဲပေးပြီးရွေးစေခဲပါတယ်။
စစ်တမ်းအရတော့ အများစုက Traffic Light System (မီးပွိုင့်စနစ်ပုံစံမျိုး) ကိုပိုသဘောကျကြပါတယ်။ ပညာရှင်တွေကတော့ ဒီတွေ့ရှိချက်ကို လူငယ်တွေ ဆေးလွန်မှု မဖြစ်စေဖို့အတွက် အသုံးချသွားမယ်လို့ဆိုပါတယ်။ အမေရိကန်နိုင်ငံနဲ့ ကနေဒါနိုင်ငံတွေမှာ စားလို့ရနိုင်တဲ့ package တစ်ခုအတွင်း (THC) ပါဝင်မှုနှန်းဟာ ၁၀ mg ထက် မကျော်ရဘူးလို့ ဥပဒေပြဋ္ဌာန်းထားပါတယ်။
Source: Medical News Today