0

ကင်ဆာဖြစ်စေတယ်လို့ တရားစွဲမှုတွေ ပိုများလာပြီးနောက် Johnson and Johnson ကုမ္ပဏီသည် US နဲ့ Canada ဈေးကွက်မှ ကလေးပေါင်ဒါများကို ပြန်သိမ်းတော့မည်

Share

     ဒီသတင်းကိုတော့ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ Johnson and Johnson ကကြေငြာခဲ့တာဖြစ်ပြီး ခုလက်ရှိ အမေရိကန်နဲ့ ကနေဒါမှာ ဖြစ်ပွားနေတဲ့ ဥပဒေပိုင်းဆိုင်ရာ မတရားစွပ်စွဲချက်တွေရယ်၊ ကုန်ပစ္စည်းရဲ့ ဘေးကင်းလုံခြုံမှုအပေါ်သုံးစွဲသူတွေက သံသယဝင်နေတဲ့အတွက်ရယ်ကြောင့် ရောင်းအားတစ်ဝက်လောက်ကျဆင်းခဲ့ရာကနေ ဒီလိုပြန်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ကြေငြာချက်ထဲမှာ ပါဝင်ပါတယ်။ J&J ကုမ္ပဏီကို သုံးစွဲသူဘက်ကနေ နစ်နာကြေးပြန်ရလိုမှုအဖြစ် စွဲချက်တင်ထားတဲ့ အမှုပေါင်း ၁၉၀၀၀ကျော်ရှိပြီး အများစုကတော့ J&J ထုတ် Talc လို့ခေါ်တဲ့ ပေါင်ဒါမှုန့်မှာ ကင်ဆာကို ဖြစ်စေတဲ့ ကာဆီနိုဂျင်ပါဝင်နေတယ်လို့ စွပ်စွဲမှုများဖြစ်ပါတယ်။
     Cruystal Deckard ဆိုတဲ့ အမျိုးသမီးကတော့ ဒီလိုနေ့မျိူးကို သူ့အမေမြင်သွားစေချင်တယ်လို့ ရိုက်တာသတင်းဌာနကို မချိတင်ကဲ ပြောကြားပါတယ်။ သူမရဲ့ မိခင်ဟာ J&J ထုတ် ကလေးပေါင်ဒါကို သုံးရင်းကနေ Mespthelioma လို့ဆိုတဲ့ ရှားပါးတဲ့ ကိုယ်တွင်းအမြှေးပါး ကင်ဆာဖြစ်ပွားခဲ့တာပါ။ ဒီအတွက် ၁၉၉၉ခုနှစ်မှာ J&J ကိုတရားစွဲခဲ့ပေမဲ့ ရှူံးနိမ့်ခဲ့ပြီး ၂၀၀၉ မှာတော့ သူမရဲ့မိခင်ဟာ ဒီကင်ဆာရောဂါနဲ့ပဲ ဆုံးပါးသွားခဲ့ပါတယ်။ J&J ကတော့ ခုလိုပေါင်ဒါဘူးတွေပြန်သိမ်းတယ် ဆိုပေမဲ့ ဒီထဲမှာပါတဲ့ Talc ပေါင်ဒါမှုန့်နဲ့ ပတ်သတ်ပြီး သူတို့ဘက်က လုံး၀ အန္တရာယ်မဖြစ်ဘူးဆိုတာ အာမခံသလို ဒါအတွက်လုပ်ထားတဲ့ သုတေသန ဓါတ်ခွဲစမ်းသပ်ချက်တွေလည်း ထုတ်ပြဖိုအဆင်သင့်ရှိတယ်လို့ ကြေငြာချက်မှာ ပြောကြားသွားပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၀၁၈ ကတည်းက ရိုက်တာသတင်းဌာနက ရရှိခဲ့တဲ့ ကုမ္ပဏီအတွင်းက လျှို့ဝှက်စာရွက်စာတမ်းတွေမှာတော့ J&J ဟာ သူတို့ပေါင်ဒါထုတ်လုပ်တဲ့ Talc အမှုန့်မှာ ကင်ဆာဖြစ်စေနိုင်တဲ့ ကာဆီနိုဂျင်ဓါတ်တွေ ပါဝင်နေတာကို လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကတည်းက သိပြီးသားလို့ ပါဝင်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ ဒီစာရွက်စာတမ်းတွေကို ပြည်သူတွေကိုရော၊ အစိုးရကိုပါ ခုထိမချပြသေးပါဘူး။
     လွန်ခဲ့တဲ့ ၂၀၁၈ ရိုက်တာမှာ ဒီလိုသတင်းပါလာတုန်းကလည်း J&J ရဲ့တန်ဖိုးဟာ စတော့ ဈေးကွက်မှာ တစ်ရက်တည်းနဲ့ ဒေါ်လာ ၄၀ ဘီလီယံလောက် ထိုးကျသွားခဲ့ဖူးပါတယ်။ အဲဒါအပြင်ကို ပြည်သူလူထုအတွင်းမှာ မေးခွန်းထုတ်စရာ သံသယတွေများလာခဲ့ပြီး ဒီလိုမျိုး နာမည်ကြီး ကုမ္ပဏီတစ်ခုဟာ စားသုံးသူတွေရဲ့ ဘေးအန္တရာယ် ကင်းရှင်းရေးကို တကယ်ကြီးလစ်လျူရှုခဲ့တာလားဆိုတာကိုပါ။ အဲဒီနောက်မှာတော့ J&J ဟာ ဖက်ဒရယ်စုံစမ်းရေးရဲ့ စစ်ဆေးတာခံခဲ့ရသလို နောက်ပိုင်းမှာတော့ Talc ပေါင်ဒါမှန့်ထဲက ကာဆီနိုဂျင်လို ကျောက်ဂွမ်းအမှုန့်တွေနဲ့ ပြည်သူ့ကျန်းမာရေး ဆက်စပ်ချက်ကို စုံစမ်းဖို့ ကွန်ဂရက်က ဖွဲ့စည်းလိုက်တဲ့ ကော်မီတီရဲ့ ကြားနာစစ်ဆေးမှုကိုပါ ခံယူရတာပါ။
     ပြီးခဲတဲ့ ဧပြီကမှ အဆုံးသတ်သွားတဲ့ ၁၄လကြာ ကွန်ဂရက်ရဲ့ ကြားနားမှုမှာ ခေါင်းဆောင်ပါဝင်ခဲ့တဲ့ လွှတ်တော်အမတ် Raja KrishnaMoorthi ကတော့ ဒီလို J&J က သူ့ပစ္စည်တွေပြန်သိမ်းဖို့ ဆုံးဖြတ်လိုက်တာဟာ ပြည်သူ့ကျန်းမာရေးနဲ့ နစ်နာခဲ့ရတဲ့သူတွေအတွက် ပထမအဆင့်အောင်ပွဲပါလို့ ပြောကြားခဲ့ပါတယ်။ သူဦးဆောင်တဲ့ ကော်မီတီဟာ တရားခွင်မှာ သက်သေအများအပြားနဲ့ စွဲချက်ပြခဲ့ပေမဲ့ J&J ကတော့ နောက်ဆုံးအချိန်အထိ သူတို့ပစ္စည်းတွေဟာ လုံးဝအန္တရယ်ကင်းတယ်လို့ ဘူးခံသွားတာပါ။ အခုလိုမျိူး ပေါင်ဒါဘူးတွေ ပြန်သိမ်းဖို့ဆုံးဖြတ်တဲ့ ကိစ္စမှာလည်း တခြားအကြောင်းကြောင့်သာဖြစ်ပြီး ဒီလို စုံစမ်းမှုတွေ၊ ကွန်ဂရက်ရဲ့ ကြားနားမှုတွေနဲ့ မဆိုင်ဘူးလို့ J&J ကထပ်ပြောပါသေးတယ်။
     ဒီ Talcum လို့ခေါ်တဲ့ ပေါင်ဒါမှုန့်ဟာ သဘာ၀ Mineral တစ်မျိုးဖြစ်ပြီး သူ့ကို အလှကုန်ပစ္စည်းတွေမှာ Moisture ကိုစုပ်ယူဖို့ရယ်၊ ပစ္စည်းတွေကို ပိုမိုနုညက်စေဖို့ရယ် အသုံးပြုကြတာပါ။ နောက်ပိုင်းမှာ သုတေသနတွေက Talcum မှာ ကင်ဆာကိုဖြစ်စေတဲ့ ကာဆီနိုဂျင်လို ကျောက်ဂွမ်း (Asbestos) တွေပါဝင်တယ်ဆိုတာ တွေ့လာကြပြီးနောက်ပိုင်း တချို့နိုင်ငံတွေမှာ ဥပဒေနဲ့ ပိတ်ပင်လိုက်သလို ကုမ္ပဏီ တချို့တွေကလည်း Talc-free ဆိုပြီးပြောင်းထုတ်လာကြပါပြီ။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: Reuters
Photo: Justin Sullivan/ Getty Image

%d bloggers like this: