ရုံးလုပ်ငန်းဆိုတာ တစ်ရက်ပြီး တစ်ရက် နေ့တိုင်းနီးပါး ကွန်ပြူတာတွေ၊ စာရင်းဇယားတွေ၊ စာရွက်စာတမ်းတွေကြားမှာ အချိန်ကုန်ဆုံးရတာပဲဖြစ်ပါတယ်။ ဒီတော့ စာဖတ်သူတို့ရဲ့ နေ့ရက်တိုင်းမှာ အလုပ်စားပွဲကို ထိုင်လိုက်တာနဲ့ စိတ်ကိုကြည်လင် လန်းဆန်းသွားစေမဲ့ပြင် ပတ်ဝန်းကျင်လေထုကိုလည်း သန့်စင်ပေးတဲ့ အိမ်တွင်းစိုက်အပင်လေးတွေကို ကျွန်တော်တို့ Orio Economic ကနေ ပြောပြပေးသွားမှာပါ။ ရုံးသမားတွေ အတွက်ဆိုပြီး ခေါင်းစဉ်တပ်ထားလို့ ကျောင်းသား၊ ကျောင်းသူတွေ မပါဘူးလို့ မမှတ်လိုက်ပါနဲ့။ ကျောင်းသား၊ ကျောင်းသူတွေလည်း ကိုယ့်ရဲ့ စာကြည့်စားပွဲတွေကို ခုပြောပြမဲ့ အပင်လေးတွေနဲ့ အလှဆင်လို့ရပါတယ်။
(၁) ရှားစောင်းလက်ပတ်ပင် (နေရောင်ခြည်အကြိုက်ဆုံး အပင်)
တကယ်လို့ ကိုယ့်ရုံးခန်းထဲမှာ ပြတင်းပေါက်ကြီးကြီးရှိပြီး နေရောင်ခြည်ကောင်းကောင်းရမယ်ဆိုရင် ရှားစောင်းလက်ပတ်ပင်ဟာ စိုက်ဖို့အသင့်တော်ဆုံးပါပဲ။ ရေအမြဲတမ်းလောင်းနေစရာ မလိုတဲအတွက် ရေလောင်းပျင်းတဲ့သူတွေအတွက် အဆင်ပြေသလို အမြဲတမ်းစိမ်းနေတဲ့ အရွက်တွေကြောင့် မျက်စိအေးစေမှာ အသေအချာပါပဲ။ ဝယ်ရတာလဲ မခက်သလို ဈေးလဲမကြီးပေမဲ့ သူ့ရဲ့ အစွမ်းသတ္တိတွေကတော့ အားလုံးသိကြတဲ့ အတိုင်း စွယ်စုံသုံးပါပဲ။ ရုံးခန်းထဲမှာ မတော်လို့ ရေနွေးပူလောင်၊ မီးပူလောင်ဆို ချက်ခြင်းချိုးပြီး အုံထားရုံနဲ့ အမာရွတ်ပါပျောက်စေတဲ့ အပင်ပါပဲဗျာ။ တစ်ခုပဲသတိထားပေးရမှာကတော့ နေရောင်ကောင်းကောင်းရတဲ့နေရာမှာ သူ့ကိုထားပေးဖို့ပါ။
(၂)ဝါးပင် (ပြုစုစောက်ရှောက်ဖို့ မလိုအပ်ဆုံးအပင်)
သူ့ကိုဆိုရင် အဓိကသတိထားရမှာကတော့ နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့စေဖို့ပါ။ အကြောင်းကတော့ နေရောင်ခြည်ရရင် ရသလောက်အပင်က ထွားတတ်တော့ အခန်းထဲမှာ လူတစ်ရပ်လောက်ထိ ကြီးတတ်ပါတယ်။ ဒါကြောင့် အလင်းရောင် ရတယ်ဆိုရုံလေး အခန်းထောင့်လေးတွေမှာ အိုးလေးနဲ့ချထားမယ်ဆိုရင် အမြဲစိမ်းလန်းနေတဲ့ ဝါးပင်လေးတွေကို မြင်ရမှာပါ။ ဂျပန်လူမျိုးတွေဆို ဒီလိုဝါးပင်လေးတွေမှာ ကောင်းတဲ့ နတ်သူငယ်တွေနေတယ်ဆိုပြီး အမြတ်တနိုးကို စိုက်ကြပါတယ်။
(၃)ပင့်ကူဂမုန်း (စိတ်ဖိစီးမှု လျှော့ကျစေသောအပင်)
ဒီအပင်လေးတွေဆိုရင်လည်း ရန်ကုန်က ပျိုးပင်ရောင်းတဲ့ ဆိုင်တွေမှာ အလွယ်ဝယ်လို့ရပါတယ်။ အခန်းထဲက ကာဘွန်ဒိုင်အောက်ဆိုဒ်အပြင် တခြားမကောင်းတဲ့ ဓါတ်ငွေ့တွေကိုပါ စုပ်ယူပြီး လေသန့်ပေးတဲ့ အတွက် စိတ်ဖီစီးမှုလျှော့ကျစေတဲ့ အကောင်းဆုံးအပင်ဖြစ်ပါတယ်တဲ့။ NASA ရဲ့ လေသန့်ပင်တွေအတွက် အဆင့်သတ်မှတ်ချက်မှာတော့ အဆင့် (၃)ဖြစ်ပါတယ်။ အိမ်တွင်းစိုက်အပင် ဖြစ်တာကြောင့် နေရောင်ခြည်ပြဖို့ မလိုဘဲ အရိပ်ထဲမှာ စိုက်နိုင်ပြီး အပင်သန်လာပြီဆို ကိုင်းချိုးပြီး နောက်တစ်ပင်ပါ ထပ်စိုက်လို့ရပါသေးတယ်။
(၄) ကန္တာရပင်- ကျားလျှာပင် (အကြမ်းခံဆုံး အပင်)
ကန္တာရပင်တွေကတော့ ပုံစံအမျိုးမျိုး၊ ဆိုဒ်အမျိုးမျိုး နဲ့လာပါတယ်။ ရန်ကုန်မှာဆို ဒါမျိူးအပင်တွေချည်းပဲ သီးသန့်ရောင်းတဲ့ သူတွေတောင်ရှိပါတယ်။ အကြမ်းခံသလောက် ရွေးစရာအရောင်တွေကလည်း အများအပြားပါ။ ဒါ့မပြင် ပန်းပွင့်တဲ့ အပင်၊ ပန်းမပွင့်တဲ့ အပင်ဆိုပြီးလည်း ထပ်ကွဲပါသေးတယ်။ ကန္တာရအပင် ခရေဇီတွေကတော့ ဝယ်ပြီးရင်း ဝယ်စုချင်လောက်အောင်ကို ဖြစ်ရပါတယ်လို့ဆိုကြပါတယ်။ ဆူးတွေပါတယ်ဆိုပေမဲ့ ဆူးတွေကြားက အလှတရားကို ခံစားချင်သူတွေအတွက်ကတော့ ဒီအပင်လေးတွေက အသင့်တော်ဆုံးပဲလို့ ဆိုပါရစေ။
(၅)လေသန့်ပင် (လေသန့်စင်မှု အကောင်းဆုံး)
အင်္ဂလိပ်လို နာမည်မှာလည်း (Air Plant) လို့ခေါ်သလို ပျိုးပင်ဆိုင်တွေမှာလည်း လေသန့်ပင်လို့ပဲ နာမည်ပေးထားကြပါတယ်။ သူ့က တခြားအပင်တွေလို မြေကြီးမလိုဘဲ သစ်ခွတို့လိုမျိုး တွဲလောင်းဆွဲပြီးစိုက်ကြတာများပါတယ်။ အရောင်ကတော့ အစိမ်း၊ အနီ၊ အဝါ အပင်တွေကို ဆိုင်မှာ အများဆုံးတွေ့ရပြီး အပွင့်ပွင့်တဲ့ အချိန်ဆိုရင်လည်း တော်တော်လှတာပါ။ နောက်ပြီး သူ့အမြစ်တွေက ကြီးလာရင် အောက်ကို ဖွာပြီးဆင်းလာတာဖြစ်လို့ လေသန့်ဖို့အပြင် တွဲလောင်းဆွဲပြီး အလှဆင်ဖို့အတွက်ပါ သုံးနိုင်တဲ့ အပင်လေးတွေပါ။
(၆)စင်္ကာပူဗန်ဒါ- Ficus Lyrata (ရုံးခန်းကြီးတွေအတွက် အသင့်တော်ဆုံး)
မြန်မာတွေက စင်္ကာပူဗန်ဒါလို့ ခေါ်တဲ့ ဒီအပင်ဟာ တခြားနိုင်ငံတွေက ဘဏ်တွေ၊ ငွေကြေးဌာနတွေမှာ အရမ်းကြိုက်ကြတဲ့ အပင်ပါ။ ဘာကြောင့်လဲဆိုတော့ သူအရွက်စိမ်းစိမ်းတွေက ပိုက်ဆံတွေ ထွက်နေသလိုဖြစ်လို့ပါတဲ့။ မြန်မာလိုဆိုရင်တော့ ပဒေသာပင်လိုမျိုး အယူအဆဖြစ်မယ်ထင်ပါတယ်။ ဒီအပင်ဟာဆိုရင် အပင်ကြီးလေ ဈေးကောင်းလေဖြစ်လို့ ပျိူးပင်ပေါက်လေးတွေပဲ စစိုက်ကြတာများပါတယ်။ အပင်ကြီးတွေကတော့ ကုမ္ပဏီဖွင့်ပွဲတို့၊ ရုံးခန်းဖွင့်ပွဲတို့မှာ လက်ဆောင်အနေနဲ့ ပေးကြတာပါ။ သူက နေရောင်ခြည်ကြိုက်တဲ့ အတွက် လုံးဝအရိပ်ထဲတော့ထားလို့မရပါဘူး။ နေရောင်ရရင်တော့ သူလည်းတခြားလေသန့်ပင်တွေလိုပဲ အလုပ်လုပ်တဲ့အတွက် စီးပွားတွေ အရမ်းမတိုးရင်တောင် အသက်ရှည်စေမှာပါ။
(၇) အင်္ဂလိပ်တိုက်ကပ်နွယ်ပင် – English Ivy (လေဝင်လေထွက် မကောင်းတဲ့ နေရာတွေအတွက် အသင့်တော်ဆုံး)
သူကတော့ အသက်ရှုလမ်းကြောင်းနဲ့ မျက်စိတွေကို ဒုက္ခပေးတဲ့ ဖော်မယ်ဒီဟိုက် ဓါတ်ငွေ့ကို စုပ်ယူရာမှာ ချန်ပီယံဖြစ်ပါတယ်။ ဒါကြောင့် လေဝင်လေထွက်နည်းတဲ့ ရုံးခန်းတွေ၊ တိုက်ခန်းတွေအတွက် စိုက်ဖို့သင့်တော်တဲ့ အပင်အဖြစ် ကျန်းမာရေးပညာရှင်တွေက အကြံပြုကြပါတယ်။ သူ့ကိုဝယ်ချင်ရင်တော့ လေသန့်ပင်တွေ သီးသန့်ရောင်းတဲ့ဆိုင်တွေမှာ ရှာပြီးဝယ်ယူလို့ရပါတယ်။ ရေအမြဲလောင်းပေးစရာမလိုသလို သင့်တော်တဲ့ အလင်းရောင်၊ စိုထိုင်းစရှိရင် ကောင်းကောင်းရှင်သန်တဲ့ အပင်လေးပါ။
ကူးယူဖော်ပြခွင့်မပြုပါခင်ဗျား။
Source : the balance small business