တရုတ်နိုင်ငံရဲ့ မြို့တော် ဘေဂျင်းမှာ မနေ့က (၁၂-၀၆-၂၀၂၀/သောကြာနေ့) ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ နှစ်ဦးတွေ့ရှိပြီးတဲ့နောက် အာဏာပိုင်တွေက သူတို့သွားခဲ့တဲ့ လက်ကားဈေးကြီးကို ဒီနေ့ စနေနေ့မှာ ယာယီပိတ်သိမ်းခဲ့တာပါ။ ရှင်းဖှဒီလို့ ခေါ်တဲ့ ဒီဈေးကြီးဟာ အသားငါးနဲ့ လယ်ယာထွက်ကုန်တွေကို လက်ကားရောင်းချပေးနေတာဖြစ်ပြီး အစိုးရ အသားသုတေသန ဌာနမှာ အလုပ်လုပ်တဲ့ ပိုးတွေ့ရှိသူနှစ်ယောက်ဟာ မနေ့က ဒီဈေးကို လာရောက်ခဲ့တယ်လို့ သိရတဲ့အတွက် ဒီနေ့မှာ ချက်ခြင်းအရေးပေါ် ပိတ်သိမ်းခဲ့တာပဲဖြစ်ပါတယ်။ သူတို့ ၂ယောက်ကတော့ ဘယ်ကနေ ကူးစက်ခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဘေဂျင်းအာဏာပိုင်တွေကတော့ ကိုဗစ်ကူးစက်မှု ဒုတိယလှိုင်း မဖြစ်ပွားစေဖို့အတွက် တခြားလက်ကားဈေးကြီးတွေကိုပါ လိုအပ်လာရင် ပိတ်သွားမယ်လို့ကြေငြာခဲ့ပါတယ်။ ခုဆိုရင်တော့ ဒီဈေးထဲက လူတစ်သောင်းကျော်လောက်ကို ဆေးစစ်ဖို့အတွက် တို့ဖတ်တွေယူထားပြီး ပိုးတွေ့ရှိတယ်ဆိုရင် အချိန်နဲ့တပြေးညီ ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် ဘေဂျင်းလူငယ့်အသံ သတင်းစာရဲ့ သတင်းတစ်ခုထဲမှာတော့ နိုင်ငံခြားက တင်သွင်းလာတဲ့ ဆယ်လမွန်ငါးတွေကို ခုတ်ထစ်ခဲ့တဲ့ စဉ်းတီတုန်းမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တဲ့ အတွက် ဘေဂျင်းက ဆူပါမားကတ်တွေမှာ ဆယ်လမွန်ငါးတွေကို ပြန်သိမ်းနေတယ်လို့ ဖော်ပြသွားပါတယ်။
အစိုးရအာဏာပိုင်အဖွဲ့တွေကတော့ လာမဲ့ တနင်္လာနေ့မှာ ပြန်ဖွင့်ဖို့စီစဉ်ထားတဲ့ Grade-1 ကနေ Grade-3 အတန်းတွေကို ပြန်ရပ်နားလိုက်ကြောင်းနဲ့ ပြန်ဖွင့်မဲ့အချိန်ကို နောက်မှ ကြေငြာမှာဖြစ်ကြောင်း သိရပါတယ်။ တရုတ်နိုင်ငံမှာ မနေ့က သောကြာနေ့ထိကို ကိုဗစ် လူနာ ၁၁ယောက်တိတိ ပြန်တွေ့ရှိခဲ့ပြီး ပြည်တွင်းကူးစက်မှု ၆ယောက်မှာ အားလုံးဟာ ဘေဂျင်းကပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရှင်းဖှဒီ လက်ကားဈေးနားကို သတင်းသွားယူခဲ့တဲ့ ရိုက်တာ သတင်းထောက်တွေကိုလည်း ဘေဂျင်းကျန်းမာရေးအာဏာပိုင်အဖွဲ့တွေက ဆက်သွယ်ခဲ့ပြီး ကိုဗစ်နဲ့ပတ်သတ်ပြီး ထူးခြားတဲ့ လက္ခဏာ တစ်စုံတစ်ရာပြခဲ့ရင် အသိပေးဖို့ ပြောခဲ့ပါတယ်တဲ့။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: Reuters
Photo: Reuters/ Thomas Peter