0

AstraZeneca က စက်တင်ဘာတွင် ကိုဗစ်ကာကွယ်ဆေး သန်း ၂ ထောင်ထုတ်နိုင်ရန် ပြင်ဆင်လျက်ရှိ

Share

ဘီလျံနာ Bill Gates ထံမှ ရင်းနှီးမြှုပ်နှံမှုများ ရခဲ့သည့် ဆေးဝါးကုမ္ပဏီ AstraZeneca သည် Oxford University မှ သိပ္ပံပညာရှင်များနှင့် ပူးပေါင်း၍ ကိုဗစ်ကာကွယ်ဆေးကို စက်တင်ဘာလတွင် တကမ္ဘာလုံးသို့ဖြန့်ချိရန် လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့သည်။

အဆိုပါ ဗြိတိန် ဆေးဝါးကုမ္ပဏီသည် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်တို့ အတွက် ကာကွယ်ဆေးအခုရေ သန်း ၄၀၀ စီ ရည်ရွယ်ထားပြီး၊ ကာကွယ်ဆေး အရေအတွက် ၁ ဘီလျံကို အခြား ဝင်ငွေ အလယ်အလတ်နှင့် ဝင်ငွေနည်းပါးသော နိုင်ငံများသို့ ဖြန့်ချိသွားမည်ဟု သိရသည်။

အဆိုပါ ဆေးဝါး ဖြန့်ချိရေးများအတွက် အိန္ဒိယကုမ္ပဏီ Serum Institute of India နှင့်လည်း လိုင်စင်ကိစ္စများ စာချုပ်ချုပ်ဆိုခဲ့သည်ဟု ကြာသပတေးနေ့ သတင်းစားရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အောက်စဖို့ဒ်တက္ကသိုလ်မှ ပညာရှင်များ ဦးဆောင်ဖေါ်ထုတ်ခဲ့သော အဆိုပါဆေးဝါး၏ အမည်မှာ AZD1222 ဖြစ်ပြီး AstraZeneca သည် ဆေးဝါးထုတ်လုပ်ရေးနယ်ပယ်မှ လက်တွဲဖေါ်များနှင့် ထုတ်လုပ်ရေးလုပ်ငန်းစဉ်ကို ဆက်လက်အကောင်အထည်ဖေါ်လျက်ရှိသည်။

ကုမ္ပဏီ၏ CEO ဖြစ်သူ Pascal Soriot က ဆေးဝါးဖြန့်ချိနိုင်မှုသည့် လာမည့် သြဂုတ်လ ဆေးစမ်းသပ်ချက်များအပေါ် မူတည်နေသည်ဟု ဆိုသည်။

စမ်းသပ်ချက်များဖြစ်သည့် Clinical Trials များကို လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ ဆေးကုမ္ပဏီများအတွက်မူ စမ်းသပ်မှုများအပြီး မိမိထုတ်လုပ်နေသော ဆေးဝါးသည် အလုပ်မဖြစ်သည်ကို တွေ့ရှိပါက မနှစ်မြို့ဖွယ်ခြေလှမ်းများ ဖြစ်လာမည်ဖြစ်သည်။

ပါစကယ် (Pascal Soriot) က ၎င်းတို့အနေဖြင့် ယခုလိုကပ်ဘေးကြီးနှင့် လူထုအပေါ် သက်ရောက်မှုကြီးမားနေသော အကြောင်းရင်းများကြောင့် ဆေးဝါးထုတ်လုပ်ရေးအပေါ် အလွန်အာရုံနှစ် လုပ်ဆောင်နေကြောင်း၊ အလုပ်မဖြစ်သည့် ကိစ္စများအပေါ် အချိန်ဖြုန်းနေမည်မဟုတ်ကြောင်း၊ ယခု လုပ်ငန်းအပေါ် မိမိတို့တွင်ရှိသမျှကို ပုံအောထားကြောင်း ပြောကြားခဲ့သည်။

အောက်စဖို့ဒ် တက္ကသိုလ်မှ သုတေသနဌာန Jenner Institute သည် AZD1222 ဆေးဝါးထွက်ပေါ်လာစေရန် အောက်စဖို့ဒ်ကာကွယ်ဆေးထုတ်လုပ်ရေးအဖွဲ့နှင့် ပူးပေါင်းခဲ့ပြီး အဆိုပါ ကာကွယ်ဆေးတွင် SARS CoV-2 protein strain ပါဝင်ကြောင်း သိရသည်။

ယခု အခါတွင် အဆိုပါဆေးဝါးကို မိမိသဘောအတိုင်းပါဝင်ကူညီသည့် အစမ်းသပ်ခံ Volunteers ဦးရေ ၁ သောင်းဖြင့် စမ်းသပ်မှုများပြုလုပ်လျက်ရှိသည်။

ယခု အချိန်ထိ လုံချုံစိတ်ချရ၍ ခံနိုင်ရည်ရှိနေဆဲ ဖြစ်သည်ကိုတွေ့ရကြောင်း AstraZeneca ၏ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့သည်။
အမှုဆောင်အရာရှိချုပ် Pascal Soriot က ဆက်လက်၍ ယခုအချိန်ထိ ၎င်းတို့၏ ဆေးဝါးနှင့်ပါတ်သက်၍ အလွန်ကောင်းမွန်သည့် မျှော်လင့်ချက်ရောင်ချည်များ တွေ့နေရသည်ဟု ပြောနိုင်ကြောင်း ပြောကြားခဲ့သည်။

ကုမ္ပဏီအနေဖြင့် နောက်ထပ် စေတနာ့ဝန်ထမ်း အစမ်းသပ်ခံ Volunteers ဦးရေ ၅၀၀၀၀ ခန့်ဖြင့် ဆက်လက်စမ်းသပ်သွားမည်ဟု ဆိုသည်။

ကြာသပတေးနေ့က ရရှိသော အခြား သတင်းများအရလည်း အစိုးရများနှင့် လုပ်ငန်းများသည် Gavi ဟု ခေါ်သည့် ကမ္ဘာတဝှမ်းရှိ အစိုးရများနှင့် ပုဂ္ဂလိက လုပ်ငန်းများ ပူးပေါင်းတည်ထောင်ထားသော ကာကွယ်ဆေးထုတ်လုပ်ရေးလုပ်ငန်းသို့ ကန်ဒေါ်လာ ၈.၈ ဘီလျံထောက်ပံ့မည်ဟု သိရသည်။

အဆိုပါ Gavi, A Vaccine Alliance သည်လည်း ဘီဂိတ်နှင့် ဇနီးဖြစ်သူ မယ်လင်ဒါဂိတ် တို့ တည်ထောင်ထားသည့် Bill $ Melinda Gates Foundation မှ ထောက်ပံ့မှုရရှိထားသည့် အဖွဲ့အစည်းဖြစ်သည်ဟု သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အနေဖြင့် ကာကွယ်ဆေးများ ကမ္ဘာအနှံ့ အညီအမျှ ခွဲဝေခြင်းရရှိစေရန် The Access to Covid-19 Tools Accelerator ဟု အမည်ပေးထားသည့် လုပ်ငန်းစဉ်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics

Source: CNBC News, BBC Business, Serum Institute Of India, AstraZeneca
Image: Tim Ireland, Xinhua News, Getty Images

%d bloggers like this: