photo: heinrich boell stiftung
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလပိုင်း အတွင်းမှာ ရန်ကုန်မြို့နေလူထုအကြား နေ့စဉ် ရှုရှိုက်နေရတဲ့ လေထုနဲ့ပက်သက်ပြီး ပိုမိုသတိပြုမိလာကြသည်။ ရန်ကုန်မြို့တွင်း လေထုသန့်စင်မှု အညွှန်းကိန်းက စိုးရိမ်စရာကောင်းသော အခြေအနေတွေကို ဖေါ်ပြနေပြီး သက်ဆိုင်ရာအဖွဲ့အစည်းများမှ ထုတ်ပြန်ချက်များအရ ဖေဖေါ်ဝါရီလနောက်ဆုံး အပတ်ဟာ အဆိုးဆုံး အခြေအနေလို့ဆိုပါသည်။ တိုင်းတာချက်များကို ထုတ်ပြန်နေသော အဖွဲ့အစည်းများမှာ လေထုသန့်စင်မှုကို အညွှန်းကိန်း၊ အရောင် ဖြင့်ထုတ်ပြန်မှုတွင် အနည်းငယ်မျှသော မတူညီချက် ရှိသော်လည်း ကျန်းမာရေးထိခိုက်စေသော အဆင့် – အနီရောင် (အညွန်းကိန်း AQI Scale 151-200) နှင့် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေသော အဆင့် – ခရမ်းရောင် (အညွှန်းကိန်း AQI Scale 201-300) ခန့်တို့ကဲ့သို့ တူညီသော အခြေအနေများ ရှိခဲ့ပါသည်။
လိမ္မော်ရောင် အဆင့် (အညွှန်းကိန်း ၁၀၁-၁၅၀) သည် ကိုယ်ခံအားနည်းသော သူများအတွက် စတင် အန္တရာယ်ရှိသော အဆင့်ဖြစ်ပြီး အောက်တွင် လေထုတိုင်းတာရေး အဖွဲ့အစည်းများမှ ပုံများကို ဖေါ်ပြထားပါသည်။
photo: numbeo
ရန်ကုန်မြို့လေထုဟာ အခြားမြို့တွေနဲ့ယှဉ်ရင် ဘယ်လိုအခြေအနေရှိသလဲ
Heinrich Boell Stiftung ၏ ထုတ်ပြန်ချက်တွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO ၏ သုံးသပ်ချက်များကို ကိုးကားဖေါ်ပြထားသည်ကို တွေ့ရသည်။ ရန်ကုန်မြို့လေထုသည် စိုးရိမ်ဖွယ်ရာ ညစ်ညမ်းနေသော်လည်း အခြားမြို့ကြီးများဖြစ်သော နယူးဒေလီ၊ ခမန္ဒူ နှင့် ဘေဂျင်းမြို့များနှင့် ယှဉ်လိုက်လျှင် အတော်လေး ကောင်းမွန်နေဆဲဖြစ်ကြောင်းဖေါ်ပြထားသည်။ ထိုအချက်အလက်မှာ အမေရိကန် AQI scale အညွှန်းကိန်းအရ အတိုင်းအတာ တစ်ခုအထိ မှန်ကန်နေသော်လည်း အချိန်ကာလမှာ မိုးတွင်းတွင်သာဖြစ်ကြောင်း၊ အခြားကာလများတွင်လည်းကောင်း၊ ပုံမှန်ရုံးဆင်း၊ ရုံးတက်ချိန်များတွင်လည်းကောင်း လေထုမှာ ပိုမိုဆိုးရွားလာကြောင်းတွေ့ရသည်။ ဆောင်းတွင်း (ပြီးခဲ့သည့်လအထိ) ရောက်ပြီဆိုလျှင် ရန်ကုန်လေထုသည် ဘန်ကောက် သို့မဟုတ် ချင်းမိုင်မြို့များကဲ့သို့ ဆိုးရွားသွားတတ်ကြောင်း တွေ့ရှိရသည်။
photo: aqicn
AQI Air Quality Index
မြန်မာနိုင်ငံသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအညွှန်းကိန်းတွင်လည်း နိုင်ငံ ၁၈၀ တွင် ၁၇၁ ချိတ်ပါသည်။ ထို့ကြောင့် တပါတည်းဖြစ်လာသော လေထုအညွှန်းကိန်း AQI သည်လည်း ကောင်းမွန်သော ရလဒ်ဖြစ်မလာပါ။
လေထုညစ်ညမ်းလာမှုသည် စက်ရုံများ၊ ကား၊ ယာဉ်ကြီးများ အသုံးများလာမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုတို့ကြောင့် ဖြစ်လာခြင်းဖြစ်ရာ အချို့အကြောင်းအရာများကို လူထုလှုပ်ရှားမှု အနေဖြင့် လေထုညစ်ညမ်းမှု လျော့ပါးအောင် ဆောင်ရွက်ရန် နှိုးဆော်ထားပါသည်။
(၁) အများသုံး ပို့ဆောင်ဆက်သွယ်ရေးကို အသုံးပြုခြင်း၊ ဘတ်စ်ကား၊ ရထားစီးခြင်း၊ ကိုယ်ပိုင်ယာဉ် အသုံးပြုမှုလျှော့ချခြင်း၊ အငှားကား တက်စီငှားရာတွင် မျှပြီး ငှားစီးခြင်း။
(၂) ဆေးလိပ်သောက်မှု လျှော့ချခြင်း၊ အမှိုက်မီးရှို့မှု မပြုလုပ်ရန် နှိုးဆော်ခြင်း၊ မီးသွေးမီးဖိုအသုံးပြုမှု၊ ထင်းလောင်စာ အသုံးပြုမှု လျှော့ချခြင်း။
(၃) ကျောက်မီးသွေးစက်ရုံများတွင် အစားထိုးလောင်စာများ သုံးစွဲရန် လှုံ့ဆော်ခြင်း (WHO က ရန်ကုန်တွင် အဆိုပါစက်ရုံများ ရာဂဏန်းခန့်ရှိမည်ဟု ခန့်မှန်းထား)။
(၄) ဌာနဆိုင်ရာကို လေထုညစ်ညမ်းမှု လျော့ပါးရေး အစီအစဉ်များ ဆောင်ရွက်ဖို့ အဖွဲ့အစည်းများမှ တစ်ဆင့် လှုံ့ဆော်ခြင်း၊ ကိုယ်တိုင်ပါဝင် ကူညီခြင်း။
စတာတွေပဲဖြစ်ပါတယ်။
Indoor Plants အိမ်တွင်းစိုက် အပင်များဖြင့် ကယ်တင်ခြင်း
ကျွန်တော်တို့ဟာ အထက်ပါ ဆောင်ရန်၊ ရှောင်ရန်များကိုလည်း ပြုလုပ်ရမှာဖြစ်ပြီး လူနေထူထပ်တဲ့နေရာပဲဖြစ်ဖြစ်၊ စက်ရုံတွေ၊ စက်မှုဇုန်တွေနဲ့ နီးတဲ့နေရာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ အိမ်၊ တိုက်ခန်းဟာ ပိုမိုဘေးကင်းဖို့၊ လေထုသန့်စင်ဖို့ လိုချင်တယ်ဆိုရင် တစ်ပိုင်တစ်နိုင်အခြားနည်းလမ်းများကိုလည်း အသုံးပြုရမှာဖြစ်ပါတယ်။
အဲ့ဒါကတော့ အိမ်တွင်း၊ အခန်းတွင်းစိုက်လို့ရတဲ့ အပင်များ ထားရှိခြင်းဖြစ်ပါတယ်။ အပင်ချစ်သူတွေ အတွက် ဒီကိစ္စဟာ အကောင်အထည်ဖေါ်ပြီးသားဖြစ်သလို ကျန်တဲ့သူတွေအတွက်လည်း မိမိတို့ အဆုတ်အတွက်၊ ခန္ဓာကိုယ်အတွက်၊ မျက်စိပသာဒအတွက် စတဲ့ အချက်များကြောင့် လိုလိုချင်ချင် စိုက်ချင်ကြမယ်လို့ ယုံကြည်ပါတယ်။
အပင်တွေဟာ သူတို့ အစာချက်ဖို့အတွက် လူအပါအဝင် အခန်းတွင်းရှိ ပစ္စည်းတွေက ထုတ်လုပ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ အခြား ကင်ဆာဖြစ်စေတဲ့ အမှုန်အမွှားတွေကိုပါ သန့်စင်ပေးတယ်လို့ Nasa နာဆာအဖွဲ့ရဲ့ 1989 Plant Study မှာလည်း ထုတ်ပြန်ထားပါတယ်။
အဲ့ဒီ့ထဲကမှ သုတေသီ Wolverton ထောက်ခံထားတဲ့ Boston Fern အပင်ကို ဖေါ်ပြလိုက်ပါတယ်။ ဒါကို ဖေါ်ပြရတာကတော့ မီတာ ၁၀၀ ပတ်လည်လောက် ဧရိယာအတွက် Boston Fern အပင် အရွယ်ကောင်း ၂ ပင်က လုံလောက်တယ်လို့ ဆိုထားလို့ပဲဖြစ်ပါတယ်။ တွဲလောင်းဆွဲထားလို့ပဲ ဖြစ်ဖြစ်၊ ပန်းအိုးနဲ့ပဲဖြစ်ဖြစ် စိုက်လို့ရတဲ့ ဒီအပင်ကို ပန်းပျိုးဆိုင်တွေ၊ Indoor Plant ဆိုင်တွေမှာလည်း လေသန့်စင်တဲ့ အပင်အဖြစ် ရောင်းချနေတာကို တွေ့ရမှာပါ။
photo: tumblr
photo: gumtree
တစ်ခုလောက်တော့ Orio Economics Team အတွက် တောင်းဆိုပါရစေ။ သည်အပင်ကို မြန်မာအမည် အမျိုးမျိုးခေါ်နေတာ တွေ့ရပါတယ်။ စာဖတ်သူများ မြန်မာနာမည်သိတယ်ဆိုရင် ကျွန်တော်တို့ကို လာပြောလှည့်ပါဦးလို့ ဖိတ်ခေါ်ပါတယ်။
ကူးယူဖေါ်ပြခြင်း ခွင့်မပြုပါ။ Orio Economics
source: time, boell, aqicn, who, numbeo, pinterest