အင်္ဂလန်နိုင်ငံမှာ ပြီးခဲ့တဲ့ ၂ပတ်ကစပြီး ပြုလုပ်ခဲ့တဲ့ “အမိမြေကို အငတ်မထားပါနဲ့” ဆိုတဲ့ လှုံ့ဆော်မှုအပြီး နိုင်ငံတစ်ဝှမ်းရှိ အလုပ်အကိုင် ရှာဖွေရေးဝက်ဆိုဒ်တွေမှာ စိုက်ပျိုးရေး ကဏ္ဍအတွက် အလုပ်လုပ်ကိုင်လိုကြောင်း စာရင်းသွင်းသူ ၃သောင်းကျော်လောက် ရုတ်ချည်းမြင့်တက်သွားပါတယ်။ အင်္ဂလန်နိုင်ငံဟာ စိုက်ပျိုးရေးကဏ္ဍမှာ သီးနှံရိတ်သိမ်းခြွေလှေ့ခူးဆွတ်ခြင်း လုပ်ငန်းတွေအတွက် နိုင်ငံတကာက ယာယီအလုပ်သမားတွေကို အားပြုထားတာဖြစ်ပြီး ခုလို ကပ်ရောဂါကြီးဖြစ်နေစဉ်အတွင်း လာနေကြအလုပ်သမားတွေ အချိန်မီမရောက်လာနိုင်တာ၊ တချို့ဆိုလုံးဝမလာတော့တာတွေဖြစ်ကုန်ပြီး သီးနှံတွေကလည်း ခူးဆွတ်ဖို့၊ ဒါမှမဟုတ် တချို့ဆို စတင်စိုက်ပျိုးဖို့ အချိန်ကျနေပြီဖြစ်ပါတယ်။
ဒါကြောင့် အင်္ဂလန်က Concordia ဆိုတဲ့ လူမှုရေးအသင်းကြီးက ဦးဆောင်ပြီး “အမိမြေကို အငတ်မထားပါနဲ့” ဆိုတဲ့ လှုံ့ဆော်မှုကို အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့တာပါ။ ခုဆိုရင် စာရင်းလာသွင်းတဲ့ လူပေါင်း ၃သောင်းကျော်ထဲကမှ လူ ၂၀၀၀ ကျော်ကတော့ သူတို့နဲ့ ကိုက်ညီတဲ့ စိုက်ပျိုးရေးခွင်တွေဆီကို သွားရောက်အလုပ်လုပ်ကိုင်နေကြပါပြီ။ ဒီလူတွေထဲမှာတော့ လေးပုံတစ်ပုံလောက်ကပဲ အရင်က စိုက်ပျိုးနဲ့ပတ်သတ်တဲ့ အတွေအကြုံရှိကြပြီး ကျန်လူတွေကတော့ အစိမ်းသက်သက်သမားတွေဖြစ်ပါတယ်။ အများစုကတော့ Covid-19 ကြောင့် ရက်အကန့်အသတ်မရှိ အလုပ်ရပ်ဆိုင်းထားခြင်းခံထားရတဲ့သူတွေဖြစ်ပါတယ်။
Concordia အသင်းကြီးကတော့ ခုဆိုရင် ဧပြီလအတွက် ပေါ်လာမဲ့အလုပ်တွေကို လက်ရှိလျှောက်ထားတဲ့သူတွေထဲကပဲ ရွေးချယ်တော့မှာဖြစ်တဲ့အတွက် နောက်လျှောက်မဲ့လူတွေအနေနဲ့ မေလအတွက် ရည်မှန်းပြီး လျှောက်ကြဖို့ ကြေငြာထားပါတယ်။ နောက်လဆိုရင် အင်္ဂလန်မှာ စတော်ဘယ်ရီသီးအပါအဝင် တခြားနွေသီးနှံတွေပေါ်တော့မှာဖြစ်လို့ပါ။ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုဖြစ်တဲ့ Total Job ကတော့ ခုလိုနိုင်ငံအခက်အခဲဖြစ်နေချိန်မှာ အလုပ်အကိုင်နားခံထားရတဲ့သူတွေအနေနဲ့ နိုင်ငံရဲ့ စားနပ်ရိက္ခာကဏ္ဍမှာ တစ်ဖက်တစ်လမ်းကနေ ဝင်ရောက်ကူထမ်းပေးတာ အရမ်းအံ့သြချီးကျူးဖို့ကောင်းတယ်လို့ မှတ်ချက်ပေးသွားပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: Independent
Photo: lasseterwinery