0

Dalgona Coffee ဘယ်ကစ?

Share

Quarantine ကာလအတွင်း သင်ဟာ social media နဲ့အဆက်အသွယ်မပြတ်ရှိနေသူ တဦးဆိုလျှင် Dalgona coffee အကြောင်းမသိဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ နိုင်ငံကျော်အနုပညာရှင်များအပါအဝင် လူတိုင်းလိုလိုဟာ Dalgona coffee challenge မှာပါဝင်ခဲ့ကြပြီး သူတို့ဖန်တီးထားတဲ့ ကော်ဖီဓါတ်ပုံတွေကို social media တွေပေါ်မှာ မျှဝေနေခဲ့ကြပါတယ်။

ဒါပေမဲ့ အခုပေါ်ပင်ဖြစ်နေတဲ့ Dalgona coffee ကိုလူတိုင်း သိလောက်ပေမဲ့ Dalgona ဘယ်လိုဖြစ်ပေါ်လဲသလဲဆိုတဲ့ ရာဇဝင်ကိုတော့ သိမယ်မထင်ပါဘူး။

Dalgona ဆိုတာ တောင်ကိုရီးယားစစ်ပွဲအပြီး ၁၉၅၀ လောက်ကတည်းက ခေတ်စားခဲ့တဲ့ တောင်ကိုရီးယားလမ်းဘေး မုန့်အချိုတခုဖြစ်ပြီး သကြားနဲ့ပြုလုပ်ထားတဲ့ ပျားသလက် တော်ဖီ (honeycomb toffee) လို့အမည်ရပါတယ်။ စစ်ပြီးခါစ မုန့်ဖိုးမတတ်နိုင်တဲ့ မိဘတွေဟာ ကလေးတွေစားဖို့မုန့်အချို တခုဖန်တီးခဲ့ပါတယ်။ မုန့်ပြုလုပ်ဖို့အတွက် သကြားကိုရေနွေးအနည်းငယ်ထည့်ကာ အပူပေးပြီးနောက် သမအောင်မွှေကာ အချပ်ကလေးဖြစ်အောင် အအေးခံလိုက်ပါတယ်။ အအေးမခံခင် မုန့်ချပ်ပေါ်မှာ အသည်းပုံ၊ ပန်းပွင့်ပုံ အရာပေးလိုက်ပါတယ်။ အအေးခံပြီး အသင့်စားလို့ရတဲ့နောက်မှာတော့ ကလေးတွေဟာ အသည်းပုံ ပုံမပျက်အောင် အရာလေးအတိုင်းဖဲ့ပြီးစားလေ့ရှိပါတယ်။ အရာအတိုင်းဖဲ့နိုင်သူဟာ Dalgona ရဲ့အသက်ပါပဲ။ (တောင်ကိုရီးယားရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်လေ့ရှိတာကြောင့် ဇာတ်လမ်းတွဲကြည့်သူတွေဆို သိပါတယ်) Dalgona ရဲ့အရသာဟာ အစပိုင်းများချိုပြီး ကုန်ခါနီးမှာတော့ ခါးသက်သက်အရသာလေး ကျန်ရစ်ခဲ့တာကြောင့် ကလေးတိုင်းကြိုက်နှစ်သက်တဲ့ မုန့်တမျိုးဖြစ်လာခဲ့ပါတယ်။ အဲဒါကြောင့် Dalogona တော်ဖီမုန့်ဟာ တောင်ကိုရီးယားနိုင်ငံသားအများစုအတွက် မမေ့နိုင်တဲ့ ကလေးဘဝအမှတ်တရလေး တခုပါပဲ။

လက်တလော အမေရိကားမှာ Dalgona coffee ရေပန်းစားလာပုံကတော့ တောင်ကိုရီးယားက ဇန်နဝါရီလမှာ ပြသခဲ့တဲ့ Show တခုက စတင်ခဲ့တာလို့သိရပါတယ်။ မကာအိုမြို့စားသောက်ဆိုင်တခုအတွင်း ရိုက်ကူးနေတဲ့ Star’s Top Recipe ဆိုတဲ့ show မှာ သရုပ်ဆောင်မင်းသား Jung II Woo မှာလိုက်တဲ့ ကော်ဖီဖျော်ပုံဖျော်နည်းဟာ တောင်ကိုရီးယား Dalgona ပြုလုပ်ပုံနဲ့ အတော်လေးဆင်တူတာကြောင့် Dalgona လို့ခေါ်ဆိုလိုက်ရာမှ စတင်ခဲ့တယ်လို့သိရပါတယ်။

ယနေ့ခေတ်မှာတော့ တောင်ကိုရီးယား အနုပညာရှင်များက တဖန်ပြန်လည်ဆန်းသစ်ထားတဲ့ Dalgona coffee ဟာ TikTok, Twitter နဲ့ Facebook တခွင်မှာ ပျံ့နှံလာခဲ့ရာမှ တကမ္ဘာလုံးကို ကူးစက်ကာ ရေးပန်းစားလာပါတော့တယ်။

နို့ပူပူနွေးနွေးလေးအပေါ်မှာ ကော်ဖီခရင်မ်တင်ထားတဲ့ ဒယ်ဂိုးနား (Dalgona) အမည်ရတဲ့ ကော်ဖီတမျိုးဟာ social media တွေပေါ်မှာ ခေတ်စားခဲ့တာကြောင့် instant coffee ရောင်းအားဟာ အတော်လေးထိုးတက်ခဲ့ပါတယ်။

Dalgona coffee ပြုလုပ်ပုံနဲ့ ဓါတ်ပုံတွေဟာ Social media ပေါ်မှာ မကြာခဏ မြင်နေရတာရယ် အလွယ်တကူပြုလုပ်နိုင်တာကြောင့် အိမ်မှာပိတ်မိနေသူတွေကို ကော်ဖီလုပ်သောက်ဖို့ ပိုမိုတွန်းအားပေးစေခဲ့ပါတယ်။ Dalgona coffee ပြုလုပ်ပုံကတော့ အလွန်ရိုးရှင်းလှပါတယ်။ ကော်ဖီမှုန့်၊ သကြားနှင့် ရေနွေးအနည်းငယ်ကို ပြစ်လာတဲ့အထိခေါက်ပြီး နွားနို့ပူပူလေးပေါ်မှာ ဇွန်းနဲ့ တင်ပေးလိုက်ရုံပါပဲ။ မတ်လမှစတင်ပြီး Dalgona coffee အကြောင်း Google မှာရှာဖွေမှု တဟုတ်ထိုးမြင့်တက်လာကြောင်း Google Trends ကပြသနေပါတယ်။

ကနဦးတွေ့ရှိချက်များကတော့ အသင့်ဖျော် ကော်ဖီမှုန့်ရောင်းအားဟာ ကိုရိုးနားဗိုင်းရပ်စ် မဖြစ်ပွားခင်ကတည်းက အတော်လေးမြင့်တက်လာခဲ့ကြောင်း ဈေးကွက်ရှာဖွေရေး ကုမ္ပဏီဖြစ်တဲ့ Mintel ၏ ဒါရိုက်တာဖြစ်သူ Jonny Forsyth ကဆိုပါတယ်။ Quarantine ဝင်ရန်အတွက် customers တွေဟာ အစားအသောက်နဲ့ ကော်ဖီမှုန့်တွေ ကြိုတင်ဝယ်ယူစုဆောင်းခဲ့ကြတာကြောင့်လည်းပါတယ်လို့သူကဆိုပါတယ်။

ကမ္ဘာ့စားသောက်ကုန်ကုမ္ပဏီကြီးဖြစ်တဲ့ Nestle S.A ကတော့ စားသောက်ဆိုင်နှင့် ကော်ဖီဆိုင်တွေ ပိတ်ထားတဲ့အတွက် စားသုံးသူတွေကို အသင့်စား စားသောက်ကုန်တွေ စားသုံးဖို့တွန်းအားပေးသလို ဖြစ်လာတာကြောင့် အသင့်ဖျော်ကော်ဖီမှုန့် ဈေးကွက်ထဲမှာ ရောင်းအားမြင့်တက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

စားသုံးသူတွေဟာ အိမ်မှာအချိန်ဖြုန်းနေစဉ်ကာလမှာ အစားအသောက်အသစ်အဆန်းတွေ တီထွင်နေကြပါတယ်။ Dalgona coffee ဟာ global trends တွေထဲက ဥပမာတခု ဖြစ်ပါတယ်။ နောက်ပြီး အသင့်ဖျော်ကော်ဖီမှုန့်ဟာ အသုံးပြုရလွယ်ကူတဲ့အတွက် ဝယ်လိုအားဟာ ဆက်လက်မြင့်တက်လာဖို့ရှိတယ်လို့ Nestle ၏ ထိပ်တန်းအရာရှိတဦးဖြစ်သူ Philipp Navratil ကဆိုပါတယ်။

Dalgona coffee စတင်ပေါ်ပေါက်ရာ တောင်ကိုရီးယားမှ အသင့်ဖျော်ကော်ဖီမှုန့်တင်သွင်းမှုဟာ မတ်လအတွင်းမှာ ၆၅%ထိ မြင့်တက်ခဲ့ပြီး ဒေါ်လာ ၈.၅မီလျံရှိတယ်လို့Fitch Solutions ၏ ဒေတာများအရ သိရပါတယ်။ ကိုရိုးနားဗိုင်းရပ် ရိုက်ခတ်မှုဒဏ်ပြင်းထန်ခဲ့တဲ့ နိုင်ငံတခုဖြစ်တဲ့ တောင်ကိုရီးယားနှင့် အခြားနိုင်ငံများတွင်လည်း အသင့်စား စားသောက်ကုန်ရောင်းအားများ မြင့်တက်ခဲ့ကြောင်း Consumer and retail analyst တဦးဖြစ်သူ Taohai Lin ကဆိုပါတယ်။ တောင်ကိုရီးယားဟာ အချိုစားသုံးမှုမြင့်မားတဲ့ နိုင်ငံဖြစ်ပြီး Dalgona ဆိုတဲ့အမည်ဟာလဲ သကြားကို ရည်ညွှန်းပါတယ်။

Lockdown တွေဖြေလျှော့လာခဲ့လျှင် စားသုံးသူတွေဟာ သူတို့လိုချင်တဲ့ ကဖင်းကို ဖြည့်ဆည်းပေးဖို့ မတူညီတဲ့ အတွေ့အကြုံတွေ ရှာဖွေလာနိုင်တာကြောင့် အသင့်ဖျော်ကော်ဖီ ရေပန်းစားမှုဟာ မှေးမှိန်လာနိုင်ပါသေးတယ်။

“Trends တွေဟာ အလွန်မြန်ဆန်စွာ ပြောင်းလဲနေပါတယ်။ အထူးသဖြင့် အသစ်အဆန်းက အသက်ဖြစ်နေတဲ့ စားသောက်ကုန်ကဏ္ဍမှာလိုပေါ့။ ဒါ့ကြောင့် တောင်ကိုရီးယားမှာလဲ Dalgona ဟာခနဏတာ ရေပန်းစားမှု တခုပါပဲ” ဟု Lin ကဆိုပါတယ်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: Bloomberg, South China Morning Post, Business Insider
Image:Ana Rocio Garcia Franco/Moment RF via Getty Images

%d bloggers like this: