အပူလှိုင်းဒဏ်ကြုံပြီးနောက် သံလွင်ဆီဈေး ၂၅% မြင့်တက်ဖွယ်ရှိ

ပုံမှန်အားဖြင့် သံလွင်ပင်များသည် အပူဒဏ်နှင့် ခြောက်သွေ့သောရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိသော သန်မာသည့်မျိုးများဖြစ်သော်လည်း ယခုနှစ်အတွင်းကြုံခဲ့ရသည့် အပူလှိုင်းဒဏ်က ခံနိုင်ရည်ကိုကျော်လွန်ခဲ့သည်။
မြေထဲလွင်ပြင်ဒေသနိုင်ငံများ အဆိုပါ အပူလှိုင်းဒဏ်ကို ခံခဲ့ရပြီး ယင်းတို့ထဲတွင် ဂရိ၊ စပိန်၊ အီတလီနှင့် ပေါ်တူဂီတို့လည်း ပါဝင်ခဲ့သည်။

စပိန်တောင်ပိုင်း၊ အန်ဒါလူရှန်းရှိ လယ်သမားတဦးက Euronews သို့ ပြောကြားရာတွင် “ရေမရှိတာက ရိုးနေပါပြီ၊ ဒါပေမယ့် ဒီလောက်အထိတော့ မဆိုးဖူးသေးဘူး” ဟု ဆိုသည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အန်ဒါလူရှန်းတွင် မိုးရေချိန်မှာ ၁ စတုရန်းမီတာတွင် ရေလီတာ ၈၀၀ ခန့် ပုံမှန် ရလေ့ရှိသော်လည်း ယခုနှစ်တွင် ယင်းပမာဏ၏ ထက်ဝက်ခန့်သာ ရရှိခဲ့ပြီး နှစ်စဉ် (မိုးရေချိန်နှင့် အပူဒဏ်) ပိုမိုဆိုးရွားလာသည်ဟုဆိုသည်။

ဗြိတိန်ရှိ စူပါမတ်ကတ်များသို့ သံလွင်ဆီတင်သွင်းသည့် Acesur ၏ ဘီဘီစီသို့ ပြောကြားချက်အရ လာမည့် ၃ လ မှ ၄ လအတွင်း ဆိုင်များတွင် ဈေးနှုန်းမြင့်တက်လာမည်ဟုဆိုသည်။
ကုမ္ပဏီ၏ ပို့ကုန်မန်နေဂျာ မီဂဲ ကော်မင်နဲရိုး (Migeul Colmenero) က စားသုံးသူများအနေဖြင့် ၂၀-၂၅% ဈေးတက်မှုကို ကြုံတွေ့နိုင်ဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။

စပိန်နိုင်ငံသည် ကမ္ဘာ့သံလွင်ဆီစုစုပေါင်း၏ ထက်ဝက်ခန့်ကို ထုတ်လုပ်သော နိုင်ငံဖြစ်သည်။
ပြီးခဲ့သည် အပူလှိုင်းမှာ အပူချိန် ၁၁၀ ဒီဂရီ ဖာရင်ဟိုက် အထိ မြင့်တက်ခဲ့သည်။

ဈေးကွက်အနေဖြင့် သံလွင်ဆီ ပြတ်လပ်မှုအတွက် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်ဟုလည်း မီဒီယာများက ဖေါ်ပြနေပြီး Fortune သတင်းကမူ စပိန်တို့၏ ကောက်ပဲသီးနှံအခြေအနေအပေါ် စိုးရိမ်ရမှုမှာ သံလွင်ဆီဈေးများ ၈.၃% ခန့် မြင့်တက်ကတည်းက ဖြစ်သည်ဟု ဆိုသည်။

ဘလွန်းဘာ့ (Bloomberg Business) က သံလွင်ဆီနယ်ပယ်တွင် ထုတ်လုပ်ရေးအတွက် စိုးရိမ်မှုများရှိသည်ဟု ဖေါ်ပြခဲ့ပြီး သံလွင်ဆီထုတ်လုပ်ရေးမှာ ၂၅% မှ ၃၀% အထိ (စပိန်တွင်) လျော့ကျနိုင်ဖွယ်ရှိနေသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: BBC Business, Mashed, Fortune
Image: Getty Images

Share