Orio Economics

Pique your curiosity

မလေးရှား ကြက်သား တင်ပို့မှု ပိတ်ပင်ခြင်းနှင့် နောက်ဆက်တွဲ ရိုက်ခတ်မှုများ

ပြည်တွင်း စားသောက်ကုန်ဈေးနှုန်းများ တက်နေခြင်းနှင့် ကြက်သား မလုံလောက်ခြင်းများကို ဖြေရှင်းရန်အတွက် ကြက်သားတင်ပို့မှုများကို ယာယီပိတ်ပင်လိုက်ကြောင်း မလေးရှား အစိုးရက ကြေငြာလိုက်ချိန်တွင် အိမ်နီးချင်း စင်္ကကာပူသည် ထိပ်ဆုံးမှ မျက်ခုံးလှုပ်ရသူဖြစ်သည်။

များမကြာသေးမီက အိန္ဒိယသည် ဂျုံတင်ပို့မှုကို ရပ်ဆိုင်းကြောင်း ကြေငြာခြင်း၊ အင်ဒိုနီးရှားက ပြည်တွင်း ဈေးနှုန်းကို ထိန်းချုပ်ရန် ဆီအုန်းတင်ပို့မှုကို ကန့်သတ်ခြင်းများ နောက်တွင် မလေးရှားသည် စားသောက်ကုန်များကို တင်ပို့မှု ကန့်သတ်သည့် နောက်ထပ်နိုင်ငံတစ်ခုဖြစ်လာခဲ့သည်။

တစ်လလျှင် အကောင်ရေ ၃.၆ သန်းအထိ တင်ပို့နေသာ ကြက်သားတင်ပို့မှုကို ဇွန်လ ၁ ရက်နေ့မှ စတင်၍ ဈေးနှုန်းနှင့် ဈေးကွက် ထုတ်လုပ်နိုင်အားတည်ငြိမ်သည်အထိ ပိတ်ပင်လိုက်ကြောင်း မလေးရှား ဝန်ကြီးချုပ်က တနင်္လာနေ့တွင် ကြေငြာခဲ့ခြင်းဖြစ်သည်။

ကြေငြာချက်ထွက်ပေါ်လာပြီးနောက်တွင် မလေးရှား မွေးမြူရေးလုပ်ငန်းများမှ စောဒကတက်သည့် အသံများထွက်လာခဲ့သလို မလေးရှား၏ စားသောက်ကုန်တင်ပို့မှုများတွင် မှီခိုနေရသည့် စင်္ကာပူအတွက် အရေးပေါ်ခေါင်းလောင်းထိုးချက် ဖြစ်သွားခဲ့သည်။

စင်္ကာပူ စားနပ်ရိက္ခာအေဂျင်စီ၏ အဆိုအရ ၂၀၂၁တွင် စင်္ကာပူသို့ ဝင်ရောက်လာခဲ့သော ကြက်သားများ၏ သုံးပုံ တစ်ပုံသည် မလေးရှားမှဖြစ်ရာ လက်ရှိ အကြပ်အတည်းကြောင့် ထိခိုက်မှုနည်းပါးစေရန် စင်္ကာပူရှိ ကြက်သားတင်သွင်းသူများနှင့် တိုင်ပင်၍ အခြားနည်းလမ်းများ စဉ်းစားလျက်ရှိကြောင်း အေဂျင်စီက သတင်းထုတ်ပြန်ထားသည်။

သည့်အပြင် ကြက်သားဈေးများမှာ စင်္ကာပူတွင် မြင့်တက်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် လိုအပ်မှသာ ဝယ်ယူစားသုံးကြရန် အေဂျင်စီက သတင်းထုတ်ပြန်ထားပြီး ရေခဲရိုက်မဟုတ်ဘဲ သားစိမ်း၊ငါးစိမ်းရောင်းသည့် စင်္ကာပူရှိ ဆိုင်အချို့ကတော့ ယာယီပိတ်ထားမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။

မလေးရှားသည် ပြီးခဲ့သည့် မတ်လတွင် နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး စားသောက်ကုန်ဈေးနှုန်းများမှာ ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ရာ မလေးရှား ဝန်ကြီးချုပ်က အထူး ကတ်ဘိနတ်အစည်းအဝေး ခေါ်ဆို၍ ကုန်ဈေးနှုန်းမြင့်တက်မှုများကို ဖြေရှင်းရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

သူက မိမိတို့အနေဖြင့် ယခု ကြက်သား ပြဿနာတစ်ခုတည်းမဟုတ်ဘဲ အထွေထွေ စရိတ်စကမြင့်တက်နေမှုကို ဖြေရှင်းရမည်ဖြစ်ကြောင်းနှင့် မကြာမီ သွင်းကုန်ပါမစ်များကို ဖျက်သိမ်းကာ နိုင်ငံတွင်းသို့ စားနပ်ရိက္ခာနှင့် ကုန်ပစ္စည်းများ လွယ်လွယ်ကူကူတင်သွင်း၍ ဈေးနှုန်းမြင့်တက်နေမှုကို လျှော့ချနိုင်ရန် ရည်မှန်းထားကြောင်း ပြောကြားထားသည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: The Jakarta Post
Photo: BBC

Leave a Reply

Your email address will not be published.