အိန္ဒိယတွင် ကြံစိုက်ခင်းများ မိုးရေချိန်လုံလောက်စွာမရရှိခဲ့သဖြင့် အိန္ဒိယအစိုးရက လာမည့် အောက်တိုဘာတွင် စတင်မည့် ရာသီအတွက် သကြားများကို တင်ပို့ရောင်းချခြင်းမရှိရန် သကြားစက်ရုံများကို တားမြစ်သွားဖွယ်ရှိသည်။
ကမ္ဘာ့စားသောက်ကုန်ဈေးကွက်တွင် သကြားတင်ပို့မှု၌ အိန္ဒိယက ဒုတိယထုတ်လုပ်မှုအများဆုံးဖြစ်ပြီး လာမည့်ရာသီ သကြားဈေးကွက်မှ နှုတ်ထွက်မှုကြောင့် နယူးယောက်နှင့် လန်ဒန်ရှိ ရည်ညွှန်းဈေးနှုန်းများ ထပ်မံမြင့်တက်လာမည်ဟု ဆိုသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ အမည်မဖေါ်လိုသူ အိန္ဒိယအစိုးရဝန်ထမ်း ၁ ဦးက ၎င်းတို့အနေဖြင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းသွားရန်သာ အဓိက ရည်မှန်းချက်ဖြစ်ပြီး ပိုလျှံသော သကြားများကို အီသနော – အရက်ချက်လုပ်သွားရန် လျာထားသည်ဟု ပြောကြားခဲ့သည်။
ထို့ကြောင့်ပင် ပြည်ပသို့ တင်ပို့ရန် သကြားရှိတော့မည်မဟုတ်ဟု ဆိုသည်။
အိန္ဒိယအစိုးရသည် ယခု လက်ရှိ ရာသီတွင် သကြားတင်ပို့ကုန်ကို တန်ချိန် ၆.၁ သန်းသာ ခွင့်ပြုထားပြီး အချိန်မှာ စက်တင်ဘာ ၃၀ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်သည်။
နိုင်ငံ၏ ၂၀၂၃-၂၄ နှစ်အတွက် သကြားထွက်ရှိမှုနှုန်း ၃.၃% လျော့ကျမည်ဟု ခန့်မှန်းထားပြီး ပမာဏအားဖြင့် တန်ချိန် ၃၁.၇ သန်း ရရှိနိုင်သည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Economic Times: India Times, World Top Exports
Image: Telegraph India