Impossible Foods သည် အသီးအရွက်အခြေခံပြီး အသားအစားထိုး အစားအစာများ ဖန်တီးထုတ်လုပ်နေသော ကယ်လီဖိုးနီးယားအခြေစိုက် food company တခုဖြစ်သည်။
Nestlé က Impossible Foods ၏ trademark ကို ဖောက်ဖျက်နေသည်ဟု ဒတ်ချ် တရားရုံးမှ တွေ့ရှိခဲ့ခြင်းကြောင့် Nestlé မှဖြန့်ချိနေသည့် “incredible burger” ဟုအမည်ရသော အသားအစားထိုး ဘာဂါများ ဥရောပတွင် ရောင်းချနေခြင်းကို မကြာခင်ရပ်နားရတော့မည်ဖြစ်သည်။
Nestlé ၏ “incredible burger” သည် US startup ဖြစ်သော Impossible Foods မှ ထီထွင်ဖန်တီးနေသော မကြာခင် ဈေးကွက်ထဲသို့ ဖြန့်ချိတော့မည့် “Impossilbe Burger” နဲ့ဆင်တူရိုးမှားလိုက်လုပ်နေသောကြောင့် Impossible Foods မှ တရားစွဲပေးဖို့ အကူအညီတောင်းခံခဲ့ကြောင်း The Hague မြို့ရှိ ခရိုင်တရားရုံးက ဆိုသည်။
ကနဦးစည်းမျဉ်းများအရ ဥရောပသမဂ္ဂထံတွင် ပြီးခဲ့သည့်နှစ်က မှတ်ပုံတင်ထားပြီးသော “Impossible Burger” trademark ကို Nestlé က ဖောက်ဖျက်ခဲ့ခြင်းဖြစ်သည်။ Nestlé က အသုံးပြုထားသော “incredible” ဆိုသည့် စကားလုံးသည် “impossible” အသံထွက်နှင့် ဆင်တူနေပြီး စားသုံးသူ customers များကို ဆင်တူရိုးမှားဖြစ်စေနိုင်ကြောင်း တရားရုံးက ဆိုသည်။
ထို့ကြောင့် တရားရုံးက Nestlé (NSRGF) အား လက်လီဆိုင်များမှ “incredible” products များကို ပြန်သိမ်းရန် အချိန် လေးပတ် ပေးထားပြီး သို့မဟုတ်ပါက ယခု အမှုတွင် ပါဝင်သော လက်အောက်ခံ ကုမ္ပဏီ ၁၀ ခုအတွက် တရက်လျှင် ယူရို ၂၅,၀၀၀ (ဒေါ်လာ ၂၇,၀၀၀) ဒဏ်ကြေးပေးဆောင်ရန် အမိန့်ချမှတ်ထားသည်။
Nestlé ကတာဝန်ရှိသူများက အမိန့်ချမှတ်ခြင်းနှင့် ပတ်သတ်၍ “ဒီဆုံးဖြတ်ချက်ဟာ အလွန်စိတ်ပျက်စရာကောင်းပါတယ်။ “Incredible” လို စကားလုံးဟာ အစားအသောက်ရဲ့အရည်အသွေးကို ဖော်ညွှန်းချင်တဲ့ အတွက် ဘယ်သူမဆို အသုံးပြုလို့ရတဲ့ စကားလုံးလို့ပဲ ကျွန်တော်တို့ သိထားတယ်။ ပြီးတော့ ဒီဆုံးဖြတ်ချက်ကို အယူခံဝင်ဖို့လဲဆုံးဖြတ်ထားတယ် ဟု ဆိုခဲ့သည်။
အသီးအရွက်ကို အခြေခံ ထုတ်လုပ်ထားသည့် အသားအစားထိုး အစားအစာများ စားသုံးမှု မြင့်ထက်လာခြင်းနှင့်အတူ စိတ်ဝင်စားခံရမှု မြင့်တက်လာသည့် ကုမ္ပဏီ အသစ်များဖြစ်သည့် Impossible Foods နှင့် Beyond Meat ကဲ့သို့ကုမ္ပဏီငယ်အသစ်များကြောင့် Nestlé ကဲ့သို့အစားအသောက် ကုမ္ပဏီကြီးများအတွက် ဈေးကွက် ရှယ်ယာ ရရှိဖို့စိန်ခေါ်မှုများ မြင့်တက်လာခဲ့သည်။
Impossible Foods သည် ပြီးခဲ့သည့် မတ်လတွင် ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ သန်း ၅၀၀ ရရှိခဲ့ပြီး အခြားရင်းနှီးမြှုပ်နှံချင်သူများက မျက်စိကျနေရသော ကုမ္ပဏီလည်းဖြစ်သည်။ အမေရိကန်တွင် အသားအစားထိုး အစားအစာ ဝယ်ယူစားသုံးမှု မြင့်တက်လာခဲ့ခြင်းသည် ကိုရိုးနားဗိုင်းရပ်စ်ရောဂါကြောင့် အသားပြတ်လပ်မှုနှင့်လည်း ဆက်နွယ်နေခဲ့သည်။
ပြီးခဲ့သည့်နှစ် နွေရာသီတွင် Nestlé သည် Impossible Burger အား သူ၏ မှတ်ပုံတင်ထားပြီးသော သဘောတူညီမှုလိုင်စင်နှင့် ပါတ်သတ်၍ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သေးသည်။ ညှိနှိုင်းမှု ဆောင်ရွက်နေသည့် အချိန်မှာပဲ Nestlé က incredible burger ကို ဈေးကွက်ထဲသို့ အရင်ဖြန့်ချိခဲ့ကြောင်း တရားရုံးက တွေ့ရှိခဲ့ခြင်းဖြစ်သည်။
Impossible Foods သည် ဥရောပ အစားအသောက် အကဲဖြတ်ရေး အဖွဲ့၏ လုံခြုံစိတ်ချရမှု စစ်ဆေးခြင်း ရလဒ် ကို စောင့်ဆိုင်းနေခြင်းဖြစ်သည်ဟု တရားရုံးတွင်ဖော်ပြခဲ့သည်။
Impossible Foods က တရားရုံး၏ ဆုံးဖြတ်ချချက်မှုကို ဝမ်းမြောက်ဝမ်းသာစွာဖြင့် “တရားရုံးက ကျွန်တော်တို့လို start-up တွေအတွက် trademark က အလွန်အရေးကြီးတာကို အသိအမှတ်ပြုပေးပြီး ကျွန်တော်တို့ brand ကို အင်အားကြီးမားတဲ့ နိုင်ငံတကာ အစားအသောက် ကုမ္ပဏီကြီးလက်က ကာကွယ်နိုင်အောင် ကူညီပေးတဲ့အတွက် အလွန်ကျေးဇူးတင်ပါတယ်” ဟု chief legal officer ဖြစ်သူ Dana Wagner က ဆိုခဲ့သည်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: CNN Business