ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးသည် အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးကို အကြီးအကျယ်ထိခိုက်စေခဲ့ပြီး ကမ္ဘာ့အရပ်ရပ် ကုန်ပစ္စည်းပို့ဆောင်ရေး လုပ်ငန်းမှသည် အပျော်စီးသင်္ဘောများ၊ စားသောက်ဆိုင်များအထိ အထိနာခဲ့ရပြီးဖြစ်သည်။
သို့သော်လည်း အစားအသောက် အိမ်အရောက်ပို့ဆောင်သည့် လုပ်ငန်းများကမူ ကြီးထွားအောင်မြင်လာကြပြီး DoorDash ဆိုလျှင် ယင်းတို့အထဲတွင် အအောင်မြင်ဆုံးဟု ပြောရမလို ဖြစ်လာသည်။
ကိုဗစ်-၁၉ ကြောင့် အမေရိကန်နိုင်ငံအတွင်း မတ်လလယ်မှ စတင်၍ လူများ အိမ်တွင်း၌သာ နေထိုင်ရန် စည်းမျဉ်းများ ချမှတ်ပြီးနောက် အိမ်အရောက် အစားအသောက်မှာယူနှုန်းများ မြင့်တက်လာခဲ့သည်။
သန်းပေါင်းများစွာသော အမေရိကန်တို့၏ အီလက်ထရွန်းနစ် ငွေချေဖြတ်ပိုင်းများကို Edison Trends မှ လေ့လာခဲ့ပြီး DoorDash ၏ ဝန်ဆောင်မှုမှ ဝင်ငွေရရှိမှုအလွန်အမင်းတိုးတက်လာခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။
စီအန်ဘီစီ၏ ၂၀၂၀ တွင် ဝင်ငွေအများဆုံးလုပ်ငန်း ၅၀ စာရင်း၌ DoorDash က နံပါတ် ၁၂ နေရာတွင်ရှိနေပြီး ဈေးကွက်၏ ၄၅% ခန့်ကို ချုပ်ကိုင်ထားကာ ၎င်းနောက်တွင် UberEats က ၂၈%၊ Grubhub က ၁၇% နှင့် Postmates ၇% ဖြင့် အသီးသီးရပ်တည်နေကြသည်။
ပြီးခဲ့သည့် ကြာသပတေးနေ့က လုပ်ငန်းရင်းနှီးမြှုပ်နှံငွေ ဒေါ်လာ သန်း ၄၀၀ ထပ်မံရရှိခဲ့ကြောင်း DoorDash က ကြေငြာခဲ့ပြီး ၎င်း၏ ရှယ်ယာများကို Mutual Fund ကုမ္ပဏီများဖြစ်သည့် T. Rowe Price နှင့် Fidelity Investment များသို့ ရောင်းချခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယခု ရင်းနှီးမြှုပ်နှံငွေ ရှာဖွေသည့် အဆင့်ကို Durable Capital Partners မှ တဆင့် ရှာဖွေခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် နိုဝင်ဘာလက Bloomberg မှ သတ်မှတ်ထားသော လုပ်ငန်းတန်ဖိုး ကန်ဒေါ်လာ ၁၃ ဘီလျံမှ ယခုအခါ ကန်ဒေါ်လာ ၁၆ ဘီလျံ နီးပါးထိ တိုးမြင့်လာပြီဖြစ်သည်။
DoorDash အနေဖြင့် ရင်းနှီးငွေ ရှာဖွေမှုအဆင့် Series G အထိ ရောက်ရှိလာခြင်းဖြစ်သည်။
အစားအသောက်ပို့ဆောင်ရေး နယ်ပယ်တွင် ထိပ်ဆုံးသို့ရောက်ရှိလာပြီးနောက် ၎င်း၏ နေရာကို ထိန်းသိမ်းရန် လိုအပ်လာပြီဖြစ်ရာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ SoftBank မှ ကျောထောက်နောက်ခံရှိထားသည့် ကုမ္ပဏီများကို ဝယ်ယူရန် စဉ်းစားလာနေပြီဖြစ်သည်။
ဈေးကွက်အတွင်း ဝေစုရရှိရန် DoorDash က ပြီးခဲ့သည့်နှစ်တွင် Caviar ကို ဒေါ်လာ သန်း ၄၁၀ ဖြင့် ဝယ်ယူခဲ့သည်။
DoorDash သည် မကြာသေးမီက Storefront ဟုခေါ်သော အစီအစဉ်ကို မိတ်ဆက်ခဲ့ပြီး DoorDash အနေဖြင့် စားသောက်ဆိုင်များကို ဝက်ဘ်ဆိုက်များ ရေးဆွဲပေးခြင်း၊ အစားအသောက်မှာယူသည်များကိုလက်ခံရန် အဆင့်များ ပြုလုပ်ပေးခြင်း၊ ပင်မ DoorDash website နှင့် ချိတ်ဆက်ကာ အလုပ်လုပ်နည်းများကို သင်ပေးခြင်း စသည်များ ပါဝင်လာခဲ့သည်။
ယင်းဝန်ဆောင်မှုတွင် DoorDash က သူနှင့် ချိတ်ဆက်ထားသော စားသောက်ဆိုင်များအား အချက်အလက်များ ကြည့်ရှုခွင့်ကိုပါ ပေးထားပြီး၊ DoorDash မှလွဲ၍ အခြား မည့်သည် Third Party အစားအသောက်ဝန်ဆောင်မှုများကမှ ဤကဲ့သို့ ကြည့်ရှုခွင့် မပေးသေးချေ။
ယခုအခါ ကုမ္ပဏီသည် အစားအသောက်အပြင် အခြားသော အရာများကို ပေးပို့နိုင်ရန်လည်း ကြိုးစားနေပြီဖြစ်သည်။
တနင်္လာနေ့က CVS Health ဆိုသည့် ဆေးဝါးလက်လီလုပ်ငန်းတခုကို ၎င်း၏ ပို့ဆောင်ရေး ပလက်ဖေါင်းဖေါ်သို့ တင်လိုက်ပြီဖြစ်ကြောင်း ကြေငြာခဲ့သည်။
ထို့ကြောင့် ဆရာဝန်ဆေးစာ အညွှန်းမလိုအပ်သော ဆေးဝါးများ၊ ခေါင်းလျှော်ရည်ကဲ့သို့ လူသုံးကုန်များကို စတင် အိမ်အရောက်ပို့နေပြီဖြစ်သည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics
Source: CNBC News, Caviar, The Verge, DoorDash, Illustration by Alex Castro
Bloomberg: Getty Images