0

Champagne of Tea (သို့မဟုတ်) ဒါဂျီလင်က ကမ္ဘာ့အကောင်းဆုံး လက်ဖက်ရည်

Share

        ပြင်သစ်နိုင်ငံ ရှန်ပိန်ဒေသက ထွက်တဲ့ဝိုင်တွေဟာ အနံ့အရသာ တမူထူးခြားနေတာကြောင့် ဒီဒေသကထွက်တဲ့ ဝိုင်တွေကို သူထွက်ရှိရာနေရာကို အစွဲပြုပြီး ရှန်ပိန်ရယ်လို့ ရှေးက အမည်ပေးခဲ့ကြပါတယ်။ ဒါဆိုရင် လက်ဖက်ခြောက်မှာရော ထူးခြားပြီးအနံ့အရသာပြည့်စုံတဲ့ အကောင်းစားလက်ဖက်ခြောက်တွေ ထွက်ရှိတာက ဘယ်ဒေသလို့ ထင်ပါသလဲ။ လက်ဖက်ခြောက်နဲ့ပတ်သတ်လာရင် သမိုင်းကြောင်းစဉ်လာကြီးမားပြီး ခုချိန်ထိလည်း ကမ္ဘာပေါ်မှာ လက်ဖက်ခြောက်တင်ပို့မှု အများဆုံး နံပါတ်(၁)ဖြစ်တဲ့ တရုတ်နိုင်ငံက ဒေသတွေမှာများလား။ တကယ်တော့ ကမ္ဘာ့အကောင်းဆုံး လက်ဖက်ခြောက်ရယ်လို့ လက်ဖက်ခြောက်ကြိုက်နှစ်သက်တဲ့သူတွေ တညီတညွတ်တည်း လက်ခံထားတာကတော့ အိန္ဒိယနိုင်ငံ၊ ဒါဂျီလင်မြို့က Darjeeling Tea ပဲဖြစ်ပါတယ်။ သူ့ရဲ့ ထူးခြားတဲ့ အနံ့အရသာဟာ ကမ္ဘာပေါ်က ဘယ်လက်ဖက်စိုက်ခင်းမှာမှ ပုံစံတူလိုက်စိုက်လို့မရအောင် ကောင်းလွန်းတာမို့ ရှန်ပိန်နဲ့နှိူင်းယှဉ်ပြီး Champagne of Tea လို့လဲခေါ်သလို Queen of Tea လို့လဲခေါ်ကြပါတယ်။
        ဒီလိုအရမ်းကောင်းပြီး နာမည်ကြီးနေပေမဲ့ ဒါဂျီလင်ဒေသမှာ ဒီလက်ဖက်မျိုးကို ရှေးပဝေသဏီကတည်းက စိုက်ခဲ့တာတော့ မဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံ အင်္ဂလိပ်လက်အောက်ကို ကျရောက်သွားပြီးတဲ့နောက် ၁၈၄၁ ခုနှစ်မှာ အင်္ဂလိုပ်လူမျိုး ဆရာဝန်ကြီး အာချီဘယ်ကမ်းဘဲဟာ အိန္ဒိယရဲ့ ဘင်္ဂလားအနောက်ဘက်ပြည်နယ်မှာရှိတဲ့ ဒီဒါဂျီလင်မြို့လေးကို တာဝန်ကျလာခဲ့ပြီးနောက် သူနဲ့အတူ တရုတ်လက်ဖက်မျိုးစေ့တွေကို ယူဆောင်စိုက်ပျိုးခဲ့ရာကနေ ဒီလို နာမည်ကျော် Darjeeling Tea စတင်ဖြစ်ပေါ်လာခဲ့တာပါ။ မူရင်းမျိုးက တရုတ်မျိုးဆိုပေမဲ့ ရေမြေရာသီဥတုပေါ်လိုက်ပြီး အနံ့အရသာပြောင်းတတ်တဲ့ လက်ဖက်ရဲ့ သဘောသဘာဝအရ ဒါဂျီလင်လက်ဖက်ခြောက်ဟာ ကမ္ဘာပေါ်မှာ ဒီတစ်နေရာထဲကလွဲရင် တခြားနေရာတွေက မပေးစွမ်းနိုင်တဲ့ unique လက်ဖက်ခြောက်ဖြစ်နေပါတော့တယ်။
        ဒါပေမဲ့လည်း ဆင်တူယိုးမှား ပုံစံတူလက်ဖက်ခြောက်တွေက ဒါဂျီလင် နာမည်ခံပြီး ဈေးကွက်မှာ ရောင်းဝယ်ဖောက်ကားမှာကို မလိုလားတဲ့အတွက် အိန္ဒိယနိုင်ငံရှိ Tea Board of India ကနေ စည်းကမ်းသတ်မှတ်ချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။ ဒါကတော့ ဒါဂျီလင်ဒေသထွက် လက်ဖက်ခြောက်စစ်စစ်တွေကသာ Darjeeling Tea အဖြစ်နဲ့ ထုတ်လုပ်ခွင့်ရမှာဖြစ်ပြီး ကုန်ပစ္စည်းထုတ်ပိုးမှု ပါကင်ထုပ်တွေမှာ Darjeeling လိုဂိုကို တပ်ခွင့်ရမှာဖြစ်ပါတယ်။ ခုလက်ရှိမှာတော့ ဒါဂျီလင်ဒေသမှာတော့ Tea Board of India အသိအမှတ်ပြုထားတဲ့ လက်ဖက်စိုက်နယ်ပေါင်း (၈၇)ခုရှိပြီး ဧကပေါင်း ၄၃၀၀၀ ကျော်ကို လွှမ်းခြုံထားကာ တစ်နှစ်ကို လက်ဖက်တန်ချိန်ပေါင်း ၉၀၀၀ နီးပါးထွက်ရှိပါတယ်။ တစ်ကမ္ဘာလုံးကို ဒီတန်ချိန် ၉ထောင် ၁သာင်းနီးပါးထဲကပဲ ဖြန့်တာဖြစ်တဲ့အတွက် ဒါဂျီလင် လက်ဖက်ခြင်းတူတူ တချို့ခြံထွက်လက်ဖက်တွေဆို ဈေးကွက်မှာ လူကြိုက်များတဲ့တွက် ပစ္စည်းပြတ်တာမျိုး ခဏခဏဖြစ်ပါတယ်။

ဒါဂျီလင်ထွက် လက်ဖက်ခြောက်တွေမှာသာ ကပ်ခွင့်ရတဲ့ လိုဂိုဖြစ်ပါတယ်

        ကျွန်တော်တို့နဲ့ သိပ်မစိမ်းတဲ့ Lipton ကလည်း ဒါဂျီလင် လက်ဖက်ရည်ထုပ်လေးတွေထွက် ပေမဲ့ သူကတော့ ဒါဂျီလင်မှာ ခြံပိုင်မရှိပါဘူး။ ဒါဂျီလင်က အသိအမှတ်ပြုလက်မှတ်ရ လက်ဖက်ခင်းတွေဆီကနေ ပြန်ယူပြီး ထုတ်လုပ်တာပါ။ အင်္ဂလန်က ဘုရင်မကြီးသောက်တဲ့ Twinnings Earl Grey တံဆိပ်ကတော့ ၁၈ရာစု မူလလက်ဟောင်း လက်ဖက်ရည်၊ လက်ဖက်ခြောက်ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးဖြစ်တဲ့အတွက် အိန္ဒိယမှာ ကိုယ်ပိုင်ခြံတွေရှိပြီး သူ့ဆီက ထုတ်တဲ့ Twinnings Darjeeling လက်ဖက်ရည်ကိုတော့ ဘုရင်မကြီးက နေ့လည်ခင်း လက်ဖက်ရည်ပွဲတွေမှာ သောက်လေ့ရှိပါတယ်တဲ့။
        ဒါဂျီလင်လက်ဖက် ခူးဆွတ်ပုံကတော့ ရာသီအလိုက် အနု၊ အလတ်၊ အရင့် ဆိုပြီးခူးဆွတ်ကြသလို တစ်မျိုးစီမှာလည်း သူ့အနံ့အရသာနဲ့ သူပြီးပြည့်စုံနေပါတယ်။ ပထမဆုံးအသုတ်အနေနဲ့ Spring Tea- နွေဦး လက်ဖက် လို့ခေါ်ကြပြီး ခုလို မတ်၊ ဧပြီလောက်မှာ ခူးကြတာပါ။ ဒါအသုတ်ကတော့ အရွက်နုတွေဖြစ်ပြီး အရောင်ရယ်၊ အနံ့ရယ်က ညင်သာတဲ့ဘက်ကိုသွားပါတယ်။ ဒီနှစ်မှာတော့ အရင်လတုန်းက အိန္ဒိယမှာ ကိုဗစ်ကြောင့် lockdown လုပ်ခဲ့ရတဲ့အတွက် လက်ဖက်ခူးချိန်တွေကျော်သွားလို့ စိုက်ခင်းတွေနဲ့ အစိုးရနဲ့ ပြဿနာတွေ တက်နေကြပါတယ်။ အလယ်အသုတ်ကိုတော့ ဇွန်လရဲ့ မုတ်သုံမိုးတွေကြားမှာ ခူးဆွတ်ကြပြီး အရောင်ပိုရင့်လာသလို အနံ့အရသာလည်း အပြည့်ဖြစ်သွားပါပြီ။ နောက်ဆုံးအသုတ်ကတော့ အရွက်အရင့်ပိုင်းတွေဖြစ်ပြီး သူ့ကိုတော့ ဆောင်းဦးပေါက်ချိန်လောက်မှာ ခူးဆွတ်ကြပါတယ်။ သူကတော့ black tea လို့နိုင်ငံတကာမှာခေါ်ပြီး ဒီကလက်ဖက်ရည်ဆိုင်တွေမှာဆို အဆီခြောက်၊ အချိုခြောက်ရယ်လို့ခေါ်တဲ့ အရောင်ရင့်ရင့် အရသာပြင်းပြင်း ဒါဂျီလင်လက်ဖက်ခြောက် ထုတ်တဲ့နေရာမှာ အဓိကသုံးတဲ့ကောင်ပါ။
        ပြင်သစ်နိုင်ငံ ရှန်ပိန်ဒေသက ဝိုင်ချက်တဲ့သူတွေကတော့ တခြားနိုင်ငံဒေသ အသီးသီးက ဝိုင်ချက်တဲ့သူတွေကို သူတို့ဆီမှာသုံးတဲ့ စပျစ်သီး၊ အချိုးအစား၊ ချက်လုပ်ပုံ စသည်ဖြင့် အချက်အလက်ပေါင်းများစွာ ပြည့်စုံမှ ရှန်ပိန်နာမည်တပ်ခွင့်ပေးရမယ်ဆိုပြီး EU သတ်မှတ်ချက်တွေနဲ့ ပိတ်ဆို့ထားပါတယ်။ ဒါကြောင့်လည်း တခြားနိုင်ငံတွေက ဒီလိုမျိုး sparking wine ထုတ်တဲ့အခါမှာ သူ့ဟာနဲ့သူ အဆင်ပြေတဲ့ နာမည်တွေ ပေးထားကြပါတယ်။ ဒါပေမဲ့ ကမ္ဘာတစ်ဝှမ်းလုံးက စားသောက်ဆိုင် တွေမှာတော့ ဘယ်ကပဲထုတ်ထုတ် အရောင်ဖျော့ဖျော့ အမြှပ်တစီစီဆိုရင် ရှန်ပိန်ဆိုပြီး သိမ်းကြုံးခေါ်နေကြတာ ဒီနေ့ထက်ထိပါပဲ။ ဒါပေမဲ့ ဒါဂျီလင်ကတော့ အဲဒီထက်တောင် ပိုပြီး တင်းတင်းကြပ်ကြပ်နဲ့ နာမည်မူပိုင်ခွင့်ကို ထိန်းချုပ်ထားတာပါ။ ဒါကြောင့် အင်္ဂလန်က တော်ဝင်မိသားစုတွေလို လက်ဖက်ရည်ခွက်ကို လက်သန်းလေးကော့ပြီး ဟန်ကျပန်ကျ နန်းဆန်ချင်တယ်ဆိုရင်တော့ Ranbir Kapoor တို့တွေ Barfi ဇာတ်ကားရိုက်ခဲ့တဲ့ ဟိမဝန္တာတောင်ခြေနားက ဒါဂျီလင်ဒေသထွက် လက်ဖက်ရည် တစ်ထုပ်လောက် ဝယ်သောက်ရင်း ဇိမ်ခံကြည့်ပါလို့ တိုက်တွန်းလိုက်ပါတယ်။ ဒါပေမဲ့ Darjeeling logo တော့ ပါပါစေနော်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: Stories About Teas
Photo: Happy Vally Tea

%d bloggers like this: