Photo: AdobeStock/CDC
ဒီမေးခွန်းဟာ အားလုံးရဲ့ စိတ်ထဲမှာ မေးချင်နေတဲ့ မေးခွန်းတစ်ခု ဖြစ်နေမှာပါ။ ဒါပေမဲ့ အရမ်းစိတ်မပူပါနဲ့။ မကြာခင်တုန်းက ဥရောပ အစားအသောက် စိစစ်ရေးအဖွဲ့ (European Food Safety Authority) ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ Covid-19 ဟာ အစားအသောက်တွေက ကူးစက်တဲ့ သက်သေအထောက်အထားတွေ ခုထိတော့ မရှိသေးဘူးလို့ ဆိုထားပါတယ်။ ဟိုးအရင် ကိုရိုနာဗိုင်းရပ်စ်မျိုးနွယ်ဝင်တွေဖြစ်တဲ့ SARS ရောဂါနဲ့ အရှေ့အလယ်ပိုင်းမှာ ဖြစ်ခဲ့တဲ့ မားစ်ရောဂါ (MERS) ဖြစ်တုန်းကလဲ အစားအသောက်ကနေ ကူးစက်တာမျိုးမဟုတ်ဘဲ လူလူခြင်းကနေ ကူးစက်ပြန့်ပွားခဲ့တာပါ။
ဒါဆို တရုတ်မှာ စဖြစ်ကာစတုန်းက ဝူဟန် တိရစ္ဆာန်ဈေးကနေ စကူးခဲ့တာ မဟုတ်ဘူးလားလို့မေးစရာရှိပါတယ်။ ဟုတ်ပါတယ်။ စဖြစ်ကာစတုန်းက တိရစ္ဆာန်ကနေ လူကိုကူးတာဆိုပေမဲ့ နောက်ပိုင်းမှာ လူလူခြင်း တံတွေး၊ သလိပ်၊ ချွေးတွေကနေပဲ ဆက်လက်ကူးစက်ခဲ့တာပါ။ အစားအသောက်ကနေ ကူးစက်တဲ့ လက္ခဏာ မရှိသေးဘူးဆိုပေမဲ့ လက်လွတ်စပယ်တော့ မနေဖို့ ဥရောပ အစားအသောက် စိစစ်ရေးအဖွဲ့က ထပ်မံတိုက်တွန်းထားပါတယ်။ ဘာလို့လဲဆိုတော့ WHO ကထုတ်ပြန်ထားတဲ့ သတိပေးချက်မှာ အစားအသောက် မချက်ပြုတ်ခင် ကိုင်တွယ်တဲ့နေရာမှာရော ၊ချက်ဖို့ပြင်နေတုန်းမှာရော သတိထားဖို့နဲ့၊ နောက် ချက်ပြီးအစားအသောက်တွေနဲ့ အသားစိမ်း၊ ငါးစိမ်းတွေကို ရောမထားဖို့ရောပါလို့ပါ။
ဒီကြေငြာချက်ကို ထုတ်ပြန်တဲ့ ဥရောပ အစားအသောက် စိစစ်ရေးအဖွဲ့ (EFSA) ဟာ ခုလက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုပြင်းထန်နေတဲ့ အီတလီနိုင်ငံ၊ ပါးမားမြို့မှာ ရုံးစိုက်တာဖြစ်ပြီး ခုချိန်ထိတော့ သူတို့ဝန်ထမ်းတွေဟာ အနားမယူသေးဘဲ ဆက်လက်အလုပ်လုပ်နေကြတုန်းပါ။ ခုလို ကြေငြာချက်ထွက်လာပေမဲ့ ဘယ်ဂျီယံနိုင်ငံ ကျန်းမာရေးဝန်ကြီး ဌာနကတော့ သူတို့နိုင်ငံတွင်းက စားသောက်ဆိုင်တွေမှာ အမဲသားလွှာအပါအဝင် တခြားမကျက်တကျက် တည်ခင်းရတဲ့ ဟင်းပွဲတွေကို ခုလောလောဆယ်မှာ ရပ်ထားဖို့ အမိန့်ထုတ်ထားပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါခင်ဗျား။
Source: FoodBusinessNews