ဟင်းချက်ရာတွင်အသုံးပြုသောဆီအား ပြည်တွင်းထုတ်လုပ်နိုင်စွမ်းထက် ကျော်လွန်သောဝယ်လိုအားကြောင့် အိန္ဒိယအနေဖြင့် ပြည်ပမှ ဟင်းချက်ဆီများအား ဈေးကြီးပေး၍ တင်သွင်းနေရပြီး ထိုကိစ္စမှာ နောက်ထပ်အနည်းဆုံး ၁၅ နှစ် ကြာနိုင်ဖွယ်ရှိနေသည်။
၂၀၂၁-၂၀၂၂ တွင် စားသုံးနိုင်သော ဆီပမာဏကို အိန္ဒိယပြည်တွင်း၌ တန်ချိန် ၁၀ သန်း ခန့်ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားသော်လည်း တနိုင်ငံလုံး၏ ဆီစားသုံးမှုမှာ တန်ချိန် ၂၃ သန်း အထိ ရှိနေသည်။
ထို့အပြင် လာမည့် ၄ နှစ်အတွင်း အစားအသောက်အတွက် ဆီသုံးစွဲမှု ၁၇% မြင့်တက်လာမည်ဟု Solvent Extractors’ Association မှ ထုတ်ပြန်ထားသေးသည်။
အိန္ဒိယသည် ကမ္ဘာ့အကြီးဆုံး ဟင်းသီးဟင်းရွက်ဆီစားသုံးသော နိုင်ငံကြီးတခုဖြစ်ပြီး တင်သွင်းကုန်အများအပြားအတွက် ရုန်းကန်နေရသည်။
လယ်သမားများသည် စားသုံးဆီထုတ်လုပ်ရန် စိုက်ပျိုးခြင်းထက် ချည်၊ ဆန်၊ ဂျုံ၊ သကြားများ ပိုမိုထုတ်လုပ်နိုင်ရေးကို အားထည့်လုပ်ဆောင်နေကြပြီး ယင်းအချက်မှာလည်း လူမှုဖူလုံရေးကဏ္ဍများအတွက် အစိုးရက အင်နှင့်အားနှင့် ဝယ်ယူသောကြောင့်ဖြစ်သည်။
Palm oil ခေါ် စားအုန်းဆီကမူ ယခုကဲ့သို့ ပြည်တွင်းထုတ်လုပ်ရေး၏ မနိုင်မနင်းဖြစ်နေမှုနှင့် ပြည်ပမှ ဟင်းချက်ဆီ အမြောက်အများတင်သွင်းရမှု ကွာခြားချက်ကို ကျဉ်းမြောင်းပေးနိုင်ရန် အလားအလာရှိသည်။
အိန္ဒိယသားနိုင်ငံသားများသည်လည်း အခြား အဆီများနှင့် အလွယ်တကူရောနှောနိုင်သော အဆိုပါ စားအုန်းဆီကို ဈေးသက်သာ၍လည်း ပိုမိုနှစ်သက်ကြသည်။
အခြားဆီများထက်လည်း ပိုမိုအထားခံရာ စားသောက်ဆိုင်များနှင့် ဟိုတယ်ကဲ့သို့သော ဆီအများဆုံးသုံးရသည့် လုပ်ငန်းများအတွက် တွက်ချေကိုက်လျက်ရှိသည်။
အိန္ဒိယသည် စားအုန်းဆီကို လာမည့် ၂၀၂၆ တွင် တန်ချိန် ၁ သန်း ထုတ်လုပ်နိုင်ရန် ရည်ရွယ်နေပြီး ၂၀၃၀ တွင် တန်ချိန် ၂.၈ သန်း ထုတ်လုပ်နိုင်သည်အထိ လုပ်ဆောင်သွားမည်ဟု သိရသည်။
သို့သော်လည်း အနာဂတ်စီမံကိန်းများအောင်မြင်ခဲ့သည်ဆိုစေကာမူ လက်ရှိ စားသုံးသည့်နှုန်းနှင့် ပြည်တွင်းဝယ်လိုအား၊ ဆက်လက်တိုးလာဦးမည့် ပြည်တွင်း ဟင်းချက်ဆီအသုံးပြုသည့်နှုန်းကို ပြည်ပတင်သွင်းမှုများမပါဘဲ ဖြေရှင်းနိုင်ဦးမည်မဟုတ်ချေ။
အိန္ဒိယအစိုးရသည့် စားသုံးနိုင်သည့် ဆီ၊ ဟင်းချက်ဆီတင်သွင်းမှုများအပေါ် အခွန်များလျှော့ချပေးသော်လည်း ကုန်သိုလှောင်မှုနှင့် ပတ်သက်၍ အကန့်အသတ်များရှိနေခြင်းက ဟင်းချက်ဆီဈေးများကျလာရန် အခက်အခဲဖြစ်စေသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလက အိန္ဒိယ၏ အထွေထွေကုန်ဈေးနှုန်းသည် ၆ လအတွင်း ဈေးတက်မှုနှုန်း အမြင့်ဆုံးသို့ရောက်ရှိခဲ့ပြီး ယခင်နှစ်ကထက် ဟင်းသီးဟင်းရွက်ဆီဈေးနှုန်း ၂၄% ပိုမိုမြင့်တက်ခဲ့သည်။
စားသောက်ကုန်ဆိုင်ရာဝန်ကြီးဌာန၏ အချက်အလက်များအရ နယူးဒေလီတွင် နေကြာဆီ၊ ပဲပိစပ်ဆီ၊ စားအုန်းဆီ၊ rapeseed ခေါ် ပန်းမုန်လာဆီ (ကနိုလာဆီ) တို့မှာ ၁၂% မှ ၃၀% ကျော်အထိ ဈေးမြင့်တက်လာနေသည်ဟု သိရသည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Economic Times: India Times
Image: Hindustan Times